ဘရာဇီးလ် နိုင်ငံတွင် မော်တော်ကားစက်ရုံတစ်ခု တည်ဆောက်သွားမည်ဟု Audi ကုမ္ပဏီက အတည်ပြု ကြေညာသွားခဲ့သည်။ ယခုသီတင်းပတ်အတွင်း Audiက မိမိတို့၏ စက်ရုံခွဲ တစ်ခုကို ဘရာဇီးလ် တောင် ပိုင်း၊ ပါရာနာပြည်နယ်ရှိ ဆာအိုဟိုဆေးဒေါ့စ် ပင်ဟိုက်စ်တွင် တည်ဆောက်သွားမည်ဟု ပြောကြား သွားသည်။ 
ယင်းမော်တော်ကား စက်ရုံသည် Audi Q3နှင့် A3 Seden မော်တော်ကားများကို ထုတ်လုပ်သွားမည်ဟု သိရသည်။ A3 Sedanများကို (၂၀၁၅)ခုနှစ်တွင် စတင်ထုတ်လုပ်ရန် ရည်ရွယ်ပြီး Q3များကိုမူ (၂၀၁၆)ခုနှစ်ကျမှ ထုတ်လုပ်သွားရန် Audiက စီစဉ်ထားသည်။ ရှေ့လာမည့် နှစ်အနည်းငယ် အတွင်း ဘရာဇီးလ် တွင် ကမ္ဘာကျော် အားကစား ပြိုင်ပွဲကြီးများ ဆက်တိုက် ပြုလုပ်ရန် ရှိနေပြီး နိုင်ငံတကာ စိတ်ဝင်စားမှု မြင့်တက်လာခြင်းကြောင့် ယင်း တောင်အမေရိက နိုင်ငံကို Audiက ရွေးချယ်ခြင်း ဖြစ်ဖွယ်ရှိသည်။
ဘရာဇီးလ်တွင် (၂၀၁၄)ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၊ (၂၀၁၆)ခုနှစ် နွေရာသီ အိုလံပစ် ပြိုင်ပွဲများကို ကျင်းပ ပြုလုပ်ရန် စီစဉ်ထားပြီးဖြစ်သည်။ ဂျာမနီနိုင်ငံတွင် အခြေစိုက်သည့် Audiသည် အဆိုပါ စက်ရုံသစ် အတွက် ဒေါ်လာ (၂၂၂)သန်းမျှ မြှုပ်နှံသွားမည်ဟု ဆိုသည်။ Audiသည် (၂၀၁၈)ခုနှစ်၌ ဘရာဇီးလ် နိုင်ငံ အတွင်း နှစ်စဉ် မော်တော်ကား (၃၀၀၀၀)မျှ ရောင်းချနိုင်ရန် ရည်မှန်းထားပြီး ဖြစ်သည်။ 
ယင်းမျှော်လင့်ချက် အတွက် စက်ရုံသစ်မှ ရောင်းချသော ကားများအပြင် ပြည်ပမှ တင်သွင်းသည့် မော်တော်ကား အရေအတွက်ပါ တိုးမြင့်လာရန် Audiက မျှော်လင့်ထားသည်။
Audi၏ ဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ရူးပတ် စတက်ဒ်လာနှင့် ဘရာဇီးလ် သမ္မတ ဒယ်လ်မာရူးဆက်ဖ်တို့သည် စက်ရုံသစ် တည်ဆောက်ခွင့် သဘောတူ ညီချက်ကို ဘရာဆီးလီးယား မြို့တော်တွင် သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။ စတက်ဒ်လာက "ဘရာဇီးလ်မှာ ဇိမ်ခံကားတွေ ဝယ်ယူမှု ဈေးကွက်က သေးငယ် နေဆဲပါ။ ဒါပေမဲ့ လာမယ့်နှစ်ပိုင်းမှာ အများကြီး ကျယ်ပြန့် တိုးတက်လာမယ်လို့ ကျွန်တော်တို့ ယုံကြည်ထား ပါတယ်။ ဘရာဇီးလ်ရဲ့ စီးပွားရေးဟာ လက်ရှိ အနေအထားအတိုင်း ဆက်ပြီး တိုးတက်နေဖို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။ Audiသည် (၂၀၂၀)ပြည့်နှစ်တွင် ဘရာဇီးလ် နိုင်ငံ၌ ဇိမ်ခံကား ဝယ်ယူမှု ပမာဏသည် လက်ရှိထက် (၁၇၀)ရာခိုင်နှုန်း မြင့်တက်လာမည်ဟု ခန့်မှန်းထားပြီး နိုင်ငံ၏ ရောင်းအား အကောင်းဆုံး မော်တော်ကား အမှတ်တံဆိပ် ဖြစ်လာရန်ပါ ရည်ရွယ်ထားခြင်း ဖြစ်သည်။
Planet Myanmar Network

0 comments:

Post a Comment

 
Top