ကိုရီးယား ကားကုမ္ပဏီကြီး ဟွန်ဒေး၏ ၂၀၁၃ မော်ဒယ် Elantra သည် အလတ်စား အိမ်စီးဆီဒင်ကား တစ်စီးဖြစ်ပြီး ဒေသအလိုက် ခေါ်ဝေါသည့် အမည်များ အနည်းငယ် ကွဲပြားသွားသည်။ ကိုရီးယား ပြည်တွင်းသုံးအတွက် ထုတ်လုပ်ထားသည့် ကားအား Avante ဟု ခေါ်ဆိုပြီး တရုတ်နိုင်ငံတွင်မူ Elantra Langdong ဟု ခေါ်ဝေါသည်။ ထို့အပြင် မလေးရှားနိုင်ငံ၌ Inokom Elantra ဟု ခေါ်ဆိုပြီး အစ္စရေးတွင်မူ Hyundai i35 ဟု ရောင်းချလျက် ရှိသည်။


စွမ်းဆောင်ရည်

Elantra တွင် GLS နှင့် Limited ဟူ၍ မော်ဒယ် ၂ မျိုးရှိပြီး အင်ဂျင်မှာမူ ၂ မျိုးစလုံးတွင် အတူတူပင်ဖြစ်သည်။ မြင်းကောင်ရေ ၁၄၈ ကောင်အားနှင့် အင်ဂျင်ရုန်းအား ၁၃၁ ပေါင်-ပေ ထွက်ရှိပြီး ကားအရွယ်အစားနှင့် ယှဉ်လျှင် သင့်တင့်သည့် ပါဝါဟု ဆိုနိုင်သည်။

အော်တိုဂီယာနှင့် ရိုးရိုးဂီယာဟူပြီး ၂ မျိုး ၂ စား ထုတ်လုပ်ထားသည့် Elantra သည် ဈေးနှုန်းချိုသာပြီး ပစ္စည်းစုံသည့် ကားတစ်စီးပင်ဖြစ်သည်။ ၆ ချက်ထိုး အော်တိုဂီယာမှာ အပြောင်းအလဲ ညင်သာလွန်းပြီး Active Eco-System ခေါ် ဆီခြွေတာရေးစနစ် နှင့် ပေါင်းစပ်လိုက်သည့်အခါ ဆီစားအနည်းဆုံးနှင့် အင်ဂျင်လည်ပတ်နှုန်း အများဆုံးရရှိသည့် ကားတစ်စီး ဖြစ်လာခဲ့သည်။

Active Eco-System အသုံးပြုနေစဉ် Throttle Response ခေါ် အင်ဂျင်၏ တုန့်ပြန်မှုနှုန်း နည်းပါးသွားသဖြင့် လီဗာကို လိုအပ်သည့် အမြန်နှုန်း ရောက်ရှိရန် လီဗာအား အနည်းငယ် အားထည့်ပြီး နင်းရန် လိုအပ်ပြီး စံနစ်ကို ပိတ်မောင်းသောအခါတွင်မူ လီဗာကို ထိလိုက်တာနဲ့  ကားမှာ ရှေ့သို့ခုန်ထွက်သွား ရလောက်အောင် တုံ့ ပြန်မှုမြန်ဆန်သည်ကို တွေ့ရှိခဲ့ရသည်။


ဒီဇိုင်းနှင့် ဖွဲ့စည်းတည်ဆောက်ပုံ

အခြားတစ်ဖက်တွင်းလည်း အတန်းအစားတူ အခြားကားများနှင့် ယှဉ်လျှင် Elantra ၏ အဓိက အားသာချက်ကတော့ အခြေခံ ပစ္စည်းစုံလင်ခြင်း ဖြစ်သည်။ ပါဝါ မှန်တံခါး၊ ပါဝါ နောက်ကြည့်မှန် ၊ Cruise Control ၊ ဖျော်ဖြေရေးအတွက် CD ဖွင့်စက်နှင့် USB အပေါက်၊ သော့မဲ့တံခါးစံနစ် (Keyless Entry System) ၊ Bluetooth နှင့် Telescopic Steering Wheel ခေါ် အနိမ့်-အမြင့်နှင့် အနီး-အဝေး အတိုးအလျှော့ ပြုလုပ်နိုင်သော စတီယာရင်တို့ ပါရှိမည်ဖြစ်သည်။

အတန်းအစားတူ အခြားကားများဖြစ်တဲ့ Honda Civic တို့ Toyota Belta တို့ဟာ ဈေးကွက်အတွင်းမှာ နာမည်ရပြီးသား ကားများဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ ကားတွေနဲ့ ချိန်ထိုးကြည့်မယ်ဆိုရင် Elantra ရဲ့ ဖွဲ့စည်း တည်ဆောက်ပုံက ပိုမိုသာလွန် ကောင်းမွန်ပြီး ကားအတွင်းပိုင်းကလည်း ပိုကျယ်ပြီး ခေတ်မှီသည့် ဒီဇိုင်းဖြစ်တာကို တွေ့ရပါတယ်။ Elantra ရဲ့ နောက်ခန်းနဲ့ ပစ္စည်းသိုမှီးရာ နေရာတို့မှာ Civic နဲ့  Belta တို့ထက် ပိုကြီးတာကို တွေ့ရှိခဲ့ရပါတယ်။

ခေတ်မှီပုံစံ တည်ဆောက်ထားတဲ့ အတွင်းခန်းမှာ သက်ဆိုင်ရာ ထိန်းချုပ်မှု ခလုတ်များကို အလွယ်တကူ အသုံးပြုနိုင်ရန် ဖန်တီးတပ်ဆင် ထားပါတယ်။ အသံ အတိုးအကျယ် ခလုပ်၊ Bluetooth ခလုတ်၊ Cruise Control စတာတွေကို စတီယာရင်မှာ တပ်ဆင်ပေးထားပြီး ဆန်းပြားခြင်း မရှိသော်လည်း ရိုးရှင်းပြီး ကြည့်ရှုရ လွယ်ကူသည့် ဒိုင်ခွက်များ ပါရှိကာ Trip Computer မှ ပျမ်းမျှအမြန်နှုံး၊ ဓါတ်ဆီ ပမာဏ၊ ပျမ်းမျှ မိုင်နှုံး၊ ပျှမ်းမျှ အမြန်နှုန်းနဲ့ ခရီးစဉ် အကွာအဝေး စတာတွေကို တွက်ချက် ဖော်ပြပေးပါလိမ့်မယ်။

ကား၏ အတွင်းခန်းတွင် ပစ္စည်းထည့်စရာနေရာ အတော်များပြီး ရေခွက်/ကော်ဖီခွက် ထည့်ရန်နေရာ ၊ dashboard အောက်နားတွင် ပစ္စည်းထားစရာ နေရာတို့ ပါရှိပြီး ကားရှေ့ ခန်း စာရွက်စာတန်း ထည့်သည့် အံ (glove compartment) ကလည်း ကျယ်ဝန်းပြီး ကားခေါင်မိုး မျက်နှာကျက်မှာတော့ နေကာမျက်မှန် ထည့်စရာနေရာ ပါရှိမည်ဖြစ်သည်။

ကားနောက်ခန်းတွင် အရပ် ၅ ပေ ၆ လက်မမှ ၈ လက်မ ထိရှိပြီး ကိုယ်အလေးချိန် ပျမ်းမျှ ပေါင် ၁၄၀ ရှိသူ ၃ ဦး နှင့် စမ်းသပ်ခဲ့ရာ ၃ ဦးစလုံး အဆင်ပြေပြေ ထိုင်နိုင်ခဲ့ပြီး ၃ ယောက်သာ စီးနင်းလိုက်ပါမည် ဆိုရင်တော့ ၂ ဦးကြားတွင် လက်တန်းတခုကို နောက်မှီမှတဆင့် ဆွဲချထားလို့ ရမည်ဖြစ်သည်။

Elantra တွင် အရေးပေါ်သုံး အပိုဘီး (spare wheel) ထည့်ပေးထားခြင်းမရှိပဲ ဘီးပေါက်လျှင် ဖာထေးရန်အတွက် ဘီးအတွင်း ထိုးသွင်းရသော ကော်တစ်မျိုးကိုသာ ထည့်ပေးထားသည်။ တာယာဆိုင်ကို မောင်းသွားနိုင်အောင် ယာယီဖာထေးဖို့ ဖြစ်သည်။ ပေါက်သည့်နေရာ သေးငယ်လျှင် ပြဿနာ မရှိပေမဲ့ ပေါက်ရုံမက တာယာကိုပါ ထိခိုက်စုတ်ပြဲလျှင်တော့ အလုပ်ဖြစ်မည် မဟုတ်ပေ။


ထိန်းချုပ်မောင်းနှင်မှု

Elantra သည် ဆလင်ဒါ ၄ လုံး ကားများ၏ ထုံးစံအတိုင်း အရှိန်ပြင်းပြင်း မောင်းနှင်သည့် အခါတွင် စက်သံ အနည်းငယ် ဆူညံပြီး မှန်ပိတ်ပြီး မောင်းနှင်သည့်တိုင် အင်ဂျင်သံအား အတိုင်းသား ကြားနေရမည်ဖြစ်သည်။ သို့သော်လည်း တစ်နာရီ ကီလို ၁၂၀ အောက် မောင်းနှင်လျှင် အသံဆူညံမှု သိသာမည်မဟုတ်ပါ။့ ရသည်။ မြို့တွင်း မောင်းနှင်မယ်ဆိုရင်တော့ ဒါဟာ သိပ်တော့ ပြဿနာ မဟုတ်ပါဘူး။

Elantra ရဲ့ စတီယာရင်ကတော့ အခြားကားများနှင့် နှိုင်းယှဉ်လျှင် အလွန်အမင်း ပေါ့ပါးတာကို တွေ့ရှိခဲ့ရသည်။ ကားအား ထိန်းချုပ်မောင်းနှင်ခြင်း၊ ကွေ့ခြင်းတို့တွင် လွယ်လွယ်ကူကူ ရှိလှသည်။ သို့ရာတွင် ကားအောက်ပိုင်း Suspension ကတော့ သိပ်မညက်ညောလှပဲ ချိုင့်အသေးစားလေးအား နင်းမိလျှင်ပင် မိမိခေါင်းနှင့် ကားခေါင်မိုးတို့ ဆောင့်မိတော့မည့် အခြေအနေအထိ ရောက်ရှိနိုင်သည်ကို တွေ့ရှိခဲ့ရသည်။

အတွင်းခန်း အတော်ကျယ်သော Elantra မှာ A-Pillar ခေါ် ရှေ့လေကာမှန်၏ ဘေးဖက် သံဘောင်မှာ အနည်းငယ် ကြီးမားသဖြင့် ဘယ်ဖက်သို့ ကွေးသည့်အခါတွင် မြင်ကွင်းကွယ်နေသည်ကို သတိပြုမိခဲ့ပါသည်။ ထို့အပြင် ခေါင်းပိုင်းတိုသော်လည်း ရှေ့ကိုကြည့်ရာတွင် အခက်အခဲ အနည်းငယ် ရှိမည်ဖြစ်သည်။


အန္တရာယ် ကင်ရှင်းရေးနှင့် လုံခြုံရေး

ဘေးအန္တရယ် ကင်းရှင်းရေးဆိုင်ရာ စနစ်များတွင်မူ Elantra သည် လုံခြုံစိတ်ချရသည့် ကားတစ်စီးအဖြစ် ရပ်တည်နေခဲ့သည်။ NHTSA ခေါ် အမေရိကန် ဗဟိုအဝေးပြေးလမ်း လုံခြုံမှု ကြီးကြပ်ရေး အဖွဲ့ကြီးက Elantra အား လုံခြုံစိတ်ချမှု အဆင့်အတန်း အမြင့်ဆုံး ကြယ် ၅ ပွင့် ပေးအပ်ထားသည်။ ကားတွင် လေအိတ် (airbag) ၆ ခုပါဝင်ရာမှာ အရှေ့တွင်း ၂ ခုနှင့် ဘေးတွင် ၄ ခုပါရှိသည်။

Elantra တွင် Electronic Stability Control (ESC) ခေါ် ယာဉ်တည်ငြိမ်မှု ထိန်းသိမ်းရေးစနစ်လည်း ပါရှိသည်။ ဤစနစ်သည် မောင်းနှင်နေစဉ် မော်တော်ယာဉ်၏ အနေအထားနှင့် တာယာများ ၏ ကုပ်အား (Traction) ကို စောင့်ကြည့်နေပြီး ကားလမ်းချော်တော့မည် အခြေအနေ (သို့) ထိန်းချုပ်မှု မရှိနိုင်တော့သည့် အခြေအနေတွင် အလိုအလျောက် ဘရိတ်အုပ်ပေးခြင်းဖြင့် ကား၏ ဟန်ချက်မပျက်အောင် ထိန်းချုပ်ပေးမည် ဖြစ်သည်။


နိဂုံး

ကားတစ်စီးဝယ်ယူရာ၌ အရေးကြီးဆုံး အချက်တစ်ချက်မှာ မိမိဝယ်ယူသည့်ကားသည် မည်မျှကြာကြာ အသုံးခံမည်နည်းဆိုသည့် မေးခွန်းပင်ဖြစ်သည်။ ကားတန်ဘိုးသည် ဝယ်ပြီးနောက်ပိုင်းမှာ လျော့နည်းလာတာ မှန်သော်လည်း အဝယ်မှားရင် ရေရှည်မှာ နောက်ကလိုက်ပြီး ပြုပြင်ထိန်းသိမ်းရမည့် တန်ဖိုးတွေ ရှိတာကြောင့် ကားဝယ်ခြင်းကို ရင်းနှီးမြှုပ်နှံမှု တစ်ရပ်အဖြစ် သဘောထား သင့်ပေသည်။

Hyundai Elantra အနေဖြင့် အနေဖြင့် Toyota Belta နှင့် Corolla နှင့် Honda Civic တို့ကဲ့သို့ လုံခြုံစိတ်ချရသော မိသားစုစီး ကားများဖြစ် မှတ်ကျောက်တင် ခံနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။ သို့သော်လည်း ကျသင့်မည့် ဒေါ်လာ ၂၀၀၀၀ အောက်သာရှိမည့် ငွေကျေးပမာဏနှင့် Elantra တွင် ထည့်သွင်းပေးထားသည့် ပစ္စည်းကိရိယာများ၊ နည်းပညာများမှာ အဆင့်မြင့်မားသဖြင့် ဝယ်ယူသင့်သော ကားတစီး ဖြစ်သည်ဟု ဆိုရပေမည်။

0 comments:

Post a Comment

 
Top