ချယ်လ်ဆီး ၂ – ၂ ၀က်စ်ဘရွန်း
ပရီးမီးယားလိဂ် ပွဲစဉ်(၁၁)အဖြစ် ချယ်လ်ဆီးအသင်းသည် အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ခ်ျတွင် ၀က်စ်ဘရွန်း
အသင်းအား ဧည့်ခံကစားခဲ့ရာ အချိန်ပိုတွင် ရရှိခဲ့သည့် နောက်ကျပင်နယ်တီဂိုးကြောင့် သရေတစ်မှတ်
ရရှိခဲ့ပြီး ယခုနှစ် ပရီးမီးယားလိဂ် အိမ်ကွင်းရှုံးနိမ့်မှုအရေးမှ ရှောင်လွှဲနိုင်ခဲ့သည်။ ယခုပွဲတွင် မော်ရင်ဟိုက
ရှာရယ်မှလွဲပြီး ရှော်ကယ်နှင့်ပွဲစဉ်မှ လူစာရင်းအတိုင်း ပွဲထွက်ခဲ့ပြီး ၀က်စ်ဘရွန်းအသင်းက ရှိန်းလောင်းကို
အထောင်တိုက်စစ်ထားကာ ဆက်ဆီနွမ်၊ ဘရန့်တို့ကို အဓိကထားကာ ချယ်လ်ဆီးအားရင်ဆိုင်ခဲ့သည်။
ပထမပိုင်းတစ်ချိန်လုံးနီးပါး ချယ်လ်ဆီးထိန်းချုပ်မှုအောက်တွင် ရှိနေသော်လည်း တိုက်စစ်ကတော့ထိရောက်
မှုမရှိပေ။ (၂၃)မိနစ်တွင် အော်စကာ၏ပြစ်ဒဏ်ဘောကန်ချက် ဂိုးသမားပုတ်ထုတ်လိုက်သည့် တစ်ကြိမ်သာ
တကယ်ခြိမ်းခြောက်နိုင်ခဲ့သည်။ ပထမပိုင်းပြီးခါနီးတွင် ဟာဇက် ကန်ချက်ကို ဂိုးသမား ပုတ်ထုတ်ပြီး
ပြန်ထွက်လာသည့်ဘောလုံးကို နောက်တန်းသမားရှင်းထုတ်ရန် တုန့်နှေးနေစဉ် အီတိုးကဖြတ်ဝင်ကန်သွင်းပြီး
ဦးဆောင်ဂိုးရရှိခဲ့သည်။ အီတူးပါးနပ်လျှင်မြန်မှုကြောင့် ရရှိခြင်းဖြစ်သည်။ ၀က်စ်ဘရွန်းကတော့ ပထမပိုင်း
တစ်ပိုင်းလုံး ကန်ချက်တစ်ကြိမ်မှမရှိခဲ့ပဲ ခံစစ်ကိုသာ အဓိကထားကစားခဲ့သည်။
ဒုတိယပိုင်းတွင် ချယ်လ်ဆီးကပဲ ကွင်းလယ်ကို ဆက်လက်ထိန်းချုပ်နေသော်လည်း ဧည့်သည်အသင်းက
တန်ပြန်တိုက်စစ်ကို တစ်ဖြည်းဖြည်းပုံဖော်လာသည်။ (၆၁)မိနစ်တွင် ရှိန်းလောင်းက ထောင့်ကန်ဘောမှ
ပြန်ထွက်လာပြီး ဂိုးရှေ့ပြန်ကျလာသည့် ဘောလုံးကို ခေါင်းတိုက်ကာ ချေပဂိုးယူသွားခဲ့သည်။ တယ်ရီ၊
ကာဟေးလ်၊ ဆီဇာ တို့ရှိနေသော်လည်း မည်သူမှ ဖျက်ထုတ်ခြင်းမပြုခဲ့၍ပေးလိုက်ရခြင်းဖြစ်သည်။
နောက်(၇)မိနစ်အကြာတွင် ဧည့်သည်အသင်းက ဒုတိယဂိုးရရှိသွားပြန်သည်။ ဧရိယာထိပ်မှ ဆက်ဆီနွမ်
၏ အနိမ့်ဘောကန်ချက်ကို ပီတာချက်ကာကွယ်လိုက်နိုင်သင့်သော်လည်း ပေါ့လျော့၍ ၀က်စ်ဘရွန်းကို
ဦးဆောင်ခွင့်ပးလိုက်ရသည်။
(၈)မိနစ်အတွင်း (၂)ဂိုးဆက်ပေးလိုက်ရပြီးနောက် မော်ရင်ဟိုက လမ်းပတ်အစား ဒမ်ဘာဘားဝင်လာပြီး
၎-၄-၂ ကစားကွက်ဖြင့်လည်းကောင်း၊ ဆီဇာကိုထုတ်ပြီး မာတာဖြင့်အစားထိုးကာ ၃-၅-၂ ကစားကွက်ဖြင့်
လည်းကောင်း တိုက်စစ်ကိုမြှင့်တင်ခဲ့သည်။ မာတာဝင်လာပြီးနောက်ပိုင်း ချယ်လ်ဆီးကစားပုံကောင်းမွန်
လာပြီး ဂိုးပေါက်ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ခဲ့သည်။ (၈၅)မိနစ်တွင် ၀ီလျံအပိုင်ခေါင်းတိုက်ခွင့်ရသော်
လည်း အခွင့်အရေးကို အသုံးမချနိုင်ခဲ့၍ အိမ်ကွင်းရှုံးနိမ့်မည့်အရေး ပူပန်စရာဖြစ်လာသည်။ ပွဲချိန်
မိနစ်(၉၀)ကျော် အချိန်ပို(၄)မိနစ် နောက်ဆုံးမိနစ်တွင် တစ်ဘက်ဧရိယာအတွင်း ရာမီးရက်စ်အား ၀က်စ်ဘရွန်းနောက်တန်းကစားသမား ရိဒ်က ပြစ်ဒဏ်ကျူးလွန်ခဲ့သောကြောင့် ပင်နယ်တီကန်ခွင့်ရရှိ
ခဲ့သည်။ ယင်းပင်နယ်တီကို ဟာဇက်က အသာကန်သွင်းယူခဲ့ပြီး အဖိုးတန်(၁)မှတ်ရရှိခဲ့သည်။
ပွဲကိုခြုံငုံသုံးသပ်ရပါက အသင်းက ပွဲချိန်ပြည့်နီးပါး ကွင်းလယ်ကို ကောင်းကောင်းထိန်းချုပ်နိုင်သော်လည်း
ဂိုးဖန်တီးမှု (Creativity) အပိုင်းကတော့တော်တော်စိတ်ပျက်စရာဖြစ်ခဲ့သည်။ ဂိုးသွင်းမည့်သူများအတွက်
သေချာသည့် ပေးပို့မှုများ (Killer passes) မတွေ့ခဲ့ရသလို တောင်ပံ ဖြတ်တင်ဘောများမှာ အိုင်ဗန်နိုဗစ်
တစ်ခြမ်းမှသာထွက်ပြီး ၀က်စ်ဘရွန်းကအလွယ်တကူပင် ဖျက်ထုတ်နိုင်ခဲ့သည်။ အော်စကာခြေမပေါ်ပါက
တစ်ဦးချင်းတောင်ပံထိုးဖောက်မှုတွေသာ အားကိုးနေရပြီး ဟာဇက်ကတော့ ယခုပွဲတွင် အခြားသူများထက်
ကစားပုံကောင်းမွန်သည်ဟု မြင်မိသည်။ မာတာဝင်လာပြီးနောက်ပိုင်း ကစားပုံပိုကောင်းလာပြီး တိုက်စစ်
ဟန်ချက်ညီလာသော်လည်း အချိန်တိုတောင်းလွန်း၍ အနိုင်တော့ မပြောင်းနိုင်ခဲ့ပေ။
ဝက်စ်ဘရွန်းရဲ့ နှစ်လိုင်းထပ် ခံစစ်ကစားပြီး တည်ကန်ဘော၊ ထောင့်ကန်ဘောများမှတစ်ဆင့် ဂိုးရယူသည့်
ဗျူဟာက အသင်းကိုအမှန်တကယ်ဒုက္ခပေးခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မော်ရင်ဟို၏ ချယ်လ်ဆီး
အသင်းအားကိုင်တွယ်သည့် ပွဲ(၁၀၀)မြောက်တွင် (၃)မှတ်ဆုံးရှုံးရတော့မည့် အနေအထားမှ သရေ(၁)မှတ်
ရခဲ့၍ အလုံးစုံစိတ်ပျက်စရာတော့ မဖြစ်ခဲ့၍ တော်သေးသည်ဟု ပြောရမည်။

0 comments:
Post a Comment