စွန့်ဦးတီထွင် မြန်မာလူငယ် လုပ်ငန်းရှင်တစ်ဦး

=========================

ရန်ကုန်မြို့၊ တော်ဝင်စင်တာ၊ Level 3 တွင် MEB Talk 2 ဆိုင်သို့ သွားရောက်လေ့လာ ဖြစ်ခဲ့ပါတယ်။ အဆိုပါဆိုင်ပိုင်ရှင်မှာ ကိုဝင်းမော်ဦးဖြစ်ပြီး MEB Talk 2 နိုင်ငံခြားဖုန်းခေါ်ဆိုမှု လုပ်ငန်းသာမက ကျောက်တံတားမြို့နယ်၊ ၃၉လမ်းတွင် ‘Web Host Myanmar’ ကုမ္ပဏီဖွင့်လှစ်ထားပြီး Domain Registration ပြုလုပ်ပေးခြင်း၊ Web Hosting တင်ပေးခြင်းတို့ကိုပါ တစ်ယောက်တည်း ဦးဆောင်လုပ်ကိုင်နေတဲ့ လူငယ်လုပ်ငန်းရှင် တစ်ဦးပါ။

MEB Talk 2 ဆိုတာကို အချို့လူတွေကတော့ သိပြီးသားဖြစ်မှာပါ။ အင်တာနက်ရရှိတဲ့ ဘယ်နေရာကမဆို တစ်ကမ္ဘာလုံးကို ဈေးသက်သက်သာသာနဲ့ ဖုန်းခေါ်ဆိုနိုင်မယ့် ၀န်ဆောင်မှု တစ်ခုဖြစ်ပြီး ခေါ်ဆိုတဲ့သူဘက်ကသာ အင်တာနက်ရှိဖို့လိုအပ်တာပါ။

ဟိုဘက်ကိုတော့ ပုံမှန်ဖုန်းဝင်သလို ၀င်သွားမှာဖြစ်ပြီး အဆင်ပြေပြေနဲ့ ဆက်သွယ်ပြောဆိုနိုင်ပါတယ်။ Message လည်းပို့နိုင်ပါတယ်။

Android Phone များနဲ့ iPhone များအတွက်လည်း “MEB Talk 2” App ဖန်တီးပေးထားပြီး အဆိုပါ App ကို www.mebtalk2.com မှာ အခမဲ့ ဒေါင်းလုဒ်ရယူသုံးစွဲနိုင်ပါတယ်။ ပြီးတော့ MEB Talk 2 ငွေဖြည့်ကဒ်လည်း ရှိပါတယ်။ အများစုသုံးကြတာတော့ ၁၀ယူရိုကဒ်တွေ ဖြစ်ပြီး မြန်မာငွေနဲ့ဆိုရင် တစ်ကဒ်ကို တစ်သောင်းနှစ်ထောင်ကျပ် သတ်မှတ်ထားပါတယ်။

ဖုန်းခေါ်ဆိုခ တွေကတော့ နိုင်ငံပေါ်မူတည်ပြီး ဈေးနှုန်းပြောင်းလဲသွားပါတယ်။ ဥပမာ စင်ကာပူဆိုရင် တစ်မိနစ် ကိုးကျပ်ခန့်သာ ကျသင့်ပေမယ့် UAE နိုင်ငံကို ဖုန်းခေါ်ရင်တော့ တစ်မိနစ် တစ်ရာကျော်လောက် ကျသင့်မှာပါ။ ဒါဟာလည်း နိုင်ငံရဲ့ သတ်မှတ်ထားတဲ့ ပေါ်လစီ တွေနဲ့ဆိုင်တယ်လို့ CEO ကိုဝင်းမော်ဦးက ပြောကြားခဲ့ပါတယ်။ နိုင်ငံခြားကနေ မြန်မာပြည်ကို MEB Talk 2 နဲ့ ဖုန်းခေါ်ရင် တစ်မိနစ် နှစ်ရာကျပ်ခန့် ကျသင့်မှာဖြစ်ကြောင်းလည်း သိရပါတယ်။

လူတော်တော်များများကတော့ MEB Talk 2 ကို စမတ်ဖုန်းတွေကနေပဲ သုံးကြတာပါ။ ဖုန်းထဲမှာ App သွင်း၊ ၁၀ ယူရို တစ်ကဒ်ဝယ်၊ ငွေဖြည့်ပြီးတာနဲ့ အင်တာနက်ဖွင့်ပြီး နိုင်ငံခြားက မိမိရဲ့ မိသားစု၊ မိတ်ဆွေတွေ ဖုန်းနံပါတ်ကို တိုက်ရိုက်နှိပ်ကာ အလွယ်တကူခေါ်ဆိုနိုင်မှာပါ။

MEB Talk 2 ပြီးရင် ပိုမိုကောင်းမွန်တဲ့ MEB Talk မျိုးဆက်သစ်တွေကိုလည်း ဆက်လက်ထုတ်လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ အဲဒီအခါကျရင်တော့ အင်တာနက်မလိုတော့ဘဲ တိုက်ရိုက်ခေါ်တဲ့စနစ်တွေ၊ ပိုမိုသက်သာတဲ့ ဖုန်းခေါ်ဆိုခ ဈေးနှုန်းတွေ ဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါတွေကို လုပ်နေတာကတော့ Web Host Myanmar(www.webhostmm.com) ကုမ္ပဏီဖြစ်ပါတယ်။ အဆိုပါ ကုမ္ပဏီရဲ့ CEO ကိုဝင်းမော်ဦးဟာ ကွန်ပျူတာတက္ကသိုလ်ကျောင်းဆင်း တစ်ဦးဖြစ်ပြီး ပဲခူးတိုင်း၊ ရေနီဇာတိပါ။ ကွန်ပျူတာပညာတွင် ထူးချွန်ခဲ့သူတစ်ဦးဖြစ်ပြီး ရန်ကုန်ကို အထက်တန်းဖြေပြီးတဲ့အချိန်မှ စတင်ရောက်ရှိခဲ့ကာ လုပ်ငန်းတစ်ခုကို ကိုယ်တိုင်တည်ထောင် ခဲ့ပါတယ်။

အသက်နှစ်ဆယ်ကျော် လူငယ်တစ်ဦးဖြစ်ပေမယ့် MEB Talk နိုင်ငံခြားဖုန်းခေါ်ဆိုမှု၊ Domain မှတ်ပုံတင်ခြင်း၊ Web Hosting လုပ်ခြင်း စတဲ့ အလုပ်တွေကို တစ်ယောက်တည်း ထိုးဖောက်လုပ်ကိုင်နေသူ တစ်ဦးပါ။ 

“နောက်ပိုင်းကျရင် MEB Talk 3 ဆက်လုပ်သွားဖို့လည်း ရှိပါတယ်။ အဲဒီမှာ ပိုကောင်းတဲ့ Features တွေလည်း ပါဝင်လာပြီး သုံးစွဲသူတွေကို ၀န်ဆောင်မှုတွေ ပိုမိုပေးနိုင်မှာပါ။ အခု MEB Talk 2 ကိုလည်း တော်ဝင်စင်တာဆိုင် အပါအ၀င် ဖုန်းဆိုင်တွေမှာ App သွင်းပေးတာ၊ ငွေဖြည့်ကဒ်ရောင်းတာ၊ နိုင်ငံခြားကို ဖုန်းခေါ်ပေးတာ တွေလုပ်ပေးနေပါတယ်။ သုံးစွဲသူတွေကလည်း နှစ်သက်တယ်၊ အဆင်ပြေတယ်လို့ သိရပါတယ်” ကိုဝင်းမော်ဦးမှ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

နောက်ပိုင်းကျရင်ကော ဘယ်လိုအလုပ်တွေ ထပ်မံလုပ်ကိုင်သွားဖို့ရှိလဲ ဆိုတာနဲ့ပတ်သက်ပြီး ၎င်းက “Online Shopping လုပ်ဖို့တော့ ရှိတယ်ဗျ။ အရင်ဆုံး အ၀တ်အစားတွေ ရောင်းမယ်ပေါ့။ ပြီးမှ တစ်ခြားကုန်ပစ္စည်းတွေပေါ့။ နောက်ပြီး Domain လည်းရောင်းတယ်လေ။ ဈေးကတော့ လောလောဆယ် Domain တစ်ခုကို တစ်နှစ်စာ ကိုးထောင်ကျပ်ပါ။

အဲဒါကတော့ ငွေကြေးအရရှုံးပေမယ့် ရေရှည်ကိုကြည့်ပြီး လုပ်နေတာဖြစ်တယ်” လို့ပြောခဲ့ပါတယ်။
မြန်မာလူငယ်တစ်ဦးအနေနဲ့ ခေတ်မီလုပ်ငန်းတစ်ခု ထိုးဖောက်လုပ်ကိုင်နေခြင်းကို MCG ပရိသတ်များ လေ့လာနိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ်။

Kangyi (Myanmar Consumer Guide)

0 comments:

Post a Comment

Top