Microsoftနှင့် Sonyတို့သည် Xbox 360နှင့် PS3 ဂိမ်းစက်များ ထုတ်လုပ်ရောင်းချစဉ်ကလည်း အကြိတ်အနယ် ဈေးကွက်လုခဲ့ကြ
Sony ကုမ္ပဏီက ၎င်းတို့၏ Playstation ဂိမ်းစက်အသစ် (PS4)ကို နိုဝင်ဘာ (၁၅)ရက်နေ့တွင် တရားဝင် တင်ပို့ရောင်းချလိုက်သည့်နောက် ဂိမ်းစက်လောကတွင် ပြိုင်ဆိုင်မှု တိုက်ပွဲသစ်တစ်ခု အစပြုလာတော့မည် ဖြစ်သည်။ ဂျပန်နည်းပညာ ကုမ္ပဏီကြီးသည် ဂိမ်းဝါသနာအိုးများ စောင့်မျှော်နေသည့် PS4ကို မြောက်အမေရိကတွင် ပထမဆုံးအကြိမ် စတင်ရောင်းချပြီ ဖြစ်သည်။ ပြိုင်ဘက်ကြီး Microsoftကလည်း Xbox One ဂိမ်းစက်အသစ်ကို နိုဝင်ဘာ (၂၂)ရက်နေ့တွင် တစ်ပတ်နောက်ကျပြီး ရောင်းချမည်ဖြစ်ရာ ဂိမ်းစက်ထုတ်လုပ်မှု အမှတ်တံဆိပ်ကြီးနှစ်ခု၏ နည်းပညာ စီးချင်းတိုက်ပွဲ စတင်လာပြီဟု လေ့လာသူများက တင်စားခဲ့ကြသည်။ Microsoftနှင့် Sonyတို့သည် Xbox 360နှင့် PS3 ဂိမ်းစက်များ ထုတ်လုပ်ရောင်းချစဉ်ကလည်း အကြိတ်အနယ် ဈေးကွက်လုခဲ့ကြသည်။

Nintendoက Wii Uဂိမ်းစက်အသစ်ကို ယမန်နှစ်က ထုတ်ဝေရောင်းချစဉ် အခက်အခဲများစွာ ကြုံခဲ့ပြီးနောက် ယခုတစ်ကြိမ် နည်းပညာဘီလူးကြီးနှစ်ကောင် အားပြိုင်မှုသည် ဂိမ်းလောက၏ ထိပ်တန်းပဋိပက္ခတစ်ခုအဖြစ် စိတ်ဝင်စားစရာ ဖြစ်လာနိုင်ဖွယ် ရှိနေသည်။ နာမည်ကြီး ဂိမ်းအမျိုးအစား အများအပြားကလည်း အဆိုပါ ဂိမ်းစက်သစ်များအတွက် ရည်စူးသည့် Versionများကို ရေးဆွဲထားခြင်းကြောင့် ဂိမ်းစက်ဝယ်ယူရန် ရွေးချယ်သူများကြား ဆုံးဖြတ်ချက်ချရန် ခက်ခဲလာစေဖွယ် ရှိနေသည်။ ထို့အပြင် ယခင်နှင့်မတူသည့် တစ်ချက်မှာ ဂိမ်းနယ်ပယ်အတွက် ရွေးချယ်စရာ အနေအထား ယခင်ထက် ပိုများလာခြင်းဖြစ်ပြီး အဆိုပါ အချက်က ကုမ္ပဏီ နှစ်ခုလုံးအတွက် စိန်ခေါ်မှု ဖြစ်လာသည်။



PS3နှင့် Xbox 360တို့ အားပြိုင်စဉ် ကာလက Facebookဆိုသော လူမှုကွန်ရက် ဝက်ဘ်ဆိုက်ကြီး ခေတ်မစားသေးချေ။ Zynga၏ ဂိမ်းများ မထွက်ပေါ်သေးသလို Temple Run၊ Plants vs Zombiesတို့သည်လည်း ဂိမ်းလောကထဲ ရောက်မလာသေး။ ထို့အပြင် ဂိမ်းစက်များအဖြစ် အသုံးပြုနိုင်သည့် iPhoneနှင့် Androidဖုန်းများလည်း ဈေးကွက်ထဲတွင် ရှိမနေခဲ့သေးပေ။ လက်ရှိ အခြေအနေတွင်မူ Platformစုံ ရွေးချယ်စရာ ဂိမ်းအတွေ့အကြုံများ ရှိနေသည့်အတွက် Sonyရော၊ Microsoftပါ ဂိမ်းစက်အသစ်များနှင့် ပတ်သက်၍ ပရိသတ်ရရှိအောင် ပိုမိုအားထည့်ရမည် ဖြစ်သည်။

ဂိမ်းစက်နှစ်ခုလုံးသည် Processor အပိုင်းနှင့် Memory ထောက်ပံ့မှု အပိုင်းတို့တွင် စွမ်းဆောင်ရည် မတိမ်းမယိမ်း ရှိနေသည်။ Graphicပိုင်းတွင်မူ PS4၏ မောင်းနှင်အားက Xbox Oneထက် အသာစီး ရလိမ့်မည်ဟု အများစုက သုံးသပ်ထားသည်။ Graphicပိုင်းကို ထောက်ပံ့သည့် GPUအတွက် တူညီစွာ လိုင်စင်ယူထားသော်လည်း Sony၏ ဂိမ်းစက်က Coreပေါင်း (၁၁၅၂)ခုဖြစ်ပြီး Microsoft၏ Coreအရေအတွက် (၇၆၈)ခုထက် သာလွန်လျှက်ရှိသည်။ Microsoft၏ နည်းပညာက Coreများ၏ မောင်းနှင်မှုကို ပိုမိုမြန်ဆန်စေသော်လည်း PS4က Graphicပိုင်း ကြည်လင်ပြတ်သားမှုတွင် (၄၀)ရာခိုင်နှုန်းမျှ မြှင့်တင်လာနိုင်ခဲ့ကြောင်း သိရသည်။
ဂိမ်းစက်နှစ်ခုလုံးသည် ဂိမ်းအတွေ့အကြုံအပြင် အခြား ထောက်ပံ့မှု အများအပြား အပြိုင်အဆိုင် ထည့်သွင်းလာပြီး အိမ်တွင်းဖျော်ဖြေရေး ဘက်စုံကိရိယာအသွင် ပိုမို၍ ကူးပြောင်းလာသည်။ ဂိမ်းစက် ထုတ်လုပ်မှု နယ်ပယ်တွင် သူတင်ကိုယ်တင် နှစ်ပေါင်းအတော်ကြာ ယှဉ်ပြိုင်ခဲ့သည့်နောက် (၂၀၁၃) နှစ်ကုန်ပိုင်းတွင် ပြိုင်ဘက်ကြီးများ နောက်တစ်ကြိမ် စိန်ခေါ်လာမှုက ဂိမ်းချစ်သူများအတွက် ကောင်းမွန်သည့် ရလဒ်များ ထွက်ပေါ်လာအောင် လှုံ့ဆော်ပေးနိုင်မည် ဆိုခြင်းကိုမူ ဈေးကွက်သုတေသီ အားလုံးက တညီတညွတ်တည်း လက်ခံထားကြောင်း သိရသည်။
credit  planet.com.mm


0 comments:

Post a Comment

 
Top