ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ ရဲ့ စူပါ ဆန်းဒေး ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းနှင့် အာဆင်နယ်အသင်းတို့ဟာ အိုးထရက်ဖို့ဒ် အားကစားကွင်းကြီးမှာ ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။ ရာသီအစ တာထွက်ကောင်းနေတဲ့ အာဆင်နယ်အသင်းနှင့် တာထွက် ညံ့ဖျင်းခဲ့တဲ့ မန်ချက်စတာယူနိုက်တက် နှစ်သင်းတို့ရဲ့ ယှဉ်ပြိုင်မှုဟာ မတူညီတဲ့ဖိအားများနှင့်အတူ သွင်းဂိုး များနိုင်တဲ့ ပွဲစဉ် တစ်ပွဲဖြစ်လာနိုင်ပါတယ်။  ထိပ်တိုက်တွေ့ဆုံမှု ရလာဒ်တွေ အရ အာဆင်နယ်အသင်းဟာ မန်ယူနိုက်တက်ကွင်းမှာ အသာစီး မရခဲ့တာ ၂၀၀၆ ခုနှစ် နောက်ပိုင်းကတည်းက ဖြစ်ခဲ့ပေမယ့် ယခုတစ်ခါ တွေ့ဆုံမှုမှာတော့ မန်ယူနိုက်တက်နည်းပြဟာ ဖာဂူဆန် မဟုတ်တော့သလို အာဆင်နယ်အသင်းအနေနဲ့လည်း ခြေစွမ်းကောင်း ရနေတဲ့ အချိန်ဖြစ်တဲ့အတွက် ယနေ့ပွဲစဉ်ကတော့ ကြိုတင် ခန့်မှန်းဖို့ ခက်ခဲတဲ့ အနေအထား ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းမှာ ဂိုးသမား ဒီဂီအာ၊ နောက်တန်းမှာ အီဗရာ၊ အီဗန်၊ ဗီဒစ်၊ စမောလင်းတို့ ပွဲထွက်လာပြီး ကွင်းလယ်မှာ ဗလင်စီယာ၊ ကာရစ်၊ ကာဂါဝါနှင့် ဖီးလ်ဂျုန်းတို့ စတင် ပွဲထွက်လာပါတယ်။ တိုက်စစ်မှာတော့ ဗန်ပါစီ၊ ရူနီ အတွဲပဲ ပွဲထွက်လာခဲ့ပါတယ်။ ဗန်ပါစီဟာ ပေါင်ခြံဒါဏ်ရာ ရနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့် ပွဲထွက် ကစားသမားအဖြစ် ပါဝင်လာတာ ဖြစ်ပါတယ်။
ဧည့်သည် အာဆင်နယ်အသင်းမှာတော့ ဂိုးသမား ဆက်ဇနီ၊ နောက်တန်းမှာ ဆဂ်နာ၊ ဗာမေလင်၊ ကိုစီယယ်လ်နီ၊ ဂစ်ဘ် တို့ ပွဲထွက်လာပါတယ်။ ကွင်းလယ်မှာ ဖလာမီနီ၊ ရမ်းမ်ဆေး၊ အိုဇေးလ်၊ အာတီတာနှင့် ကာဇိုလာတို့ ပွဲထွက်လာပြီး တိုက်စစ်မှူး ဂီရုဒ်တစ်ယောက်တည်း အထောင် ကစားမှာ ဖြစ်ပါတယ်။
အရံခုံတန်းမှာတော့ မန်ယူနိုက်တက်မှာ လင်ဒီဂါတ်၊ ဖလေနီ၊ ဂစ်၊ ဂျနုဇတ်၊ ချီချာရီတို၊ နာနီ၊ ကလဲဗားလေးတို့ ရှိနေပြီး အာဆင်နယ်အသင်းမှာ ဖေဘီယံစကီး၊ ဝီလ်ရှီးယား၊ မွန်ရီယယ်၊ ဘန့်တနာ၊ ဂျန်ကင်ဆင်၊ ဂနာဘရီနှင့် ဟေဒင်တို့ ရှိနေပါတယ်။ အရံလူစာရင်းမှာတော့ အာဆင်နယ်အသင်းရဲ့ အရံလူစာရင်းဟာ မန်ချက်စတာယူနိုက်တက်ရဲ့ လူစာရင်းလောက် မတောင့်တင်းတဲ့ အနေအထားပါပဲ။
ပွဲစစချင်းမှာပဲ အိမ်ရှင် မန်ယူနိုက်တက်အသင်းဟာ သွက်သွက်လက်လက် စတင် တိုက်စစ်ဆင် ကစားလာပါတယ်။ ၁ မိနစ်မှာ ကတည်းက ဒေါင့်ကန်ဘော စတင် ရရှိခဲ့ပြီး အခွင့်အရေးကိုတော့ အသုံးမချနိုင်ခဲ့ကြပါဘူး။ ပွဲစဉ် အစပိုင်းခြေစွမ်း အရတော့ မန်ယူနိုက်တက်အသင်းက အချိတ်အဆက် မိမိနဲ့ တိုက်စစ်ဆင်နေပြီး အာဆင်နယ်အသင်းအနေနဲ့ ကစားကွက် တည်မရနိုင် ဖြစ်နေသေးတဲ့ အနေအထားဖြစ်နေပါတယ်။ ပွဲချိန် ၉ မိနစ်မှာတော့ ကာဂါဝါရဲ့ ဖန်တီးပေးမှုကနေ တစ်ဆင့် ဝိန်းရူနီ အဝေးကနေ ကန်သွင်းလိုက်ပေမယ့် ဆက်ဇနီ ကာကွယ်နိုင်ခဲ့ပါတယ်။
ပွဲချိန် မိနစ် ၂၀ အထိတော့ အာဆင်နယ်အသင်း အနေနဲ့ အခွင့်အရေး တစ်ကြိမ်မှ မရသေးပဲ မန်ယူနိုက်တက်အနေနဲ့လည်း ဂိုးပေါက်ခြိမ်းခြောက်မှု မည်မည်ရရ မရှိသေးပါဘူး။ ရူနီ လှမ်းကန်တဲ့ တစ်လုံးလောက်သာ ကြိုးစားမှု ရှိနေခဲ့ပါတယ်။ နှစ်ဖက်အသင်း သွက်သွက်လက်လက် ကစားနေကြပေမယ့် ဘောလုံးက ကွင်းလယ်မှာပဲ အချိန်ကုန်နေခဲ့ပြီး ဂိုးသမားတွေအနေနဲ့ ရင်ခုန်စရာ တစ်လုံးမှ မကြုံတွေ့ခဲ့ရသေးပါဘူး။ အာဆင်နယ်ကွင်းလယ်ကစားပုံဟာ ဒီနေ့ပွဲမှာ အားရစရာ သိပ်မရှိလှပဲ ရမ်းမ်ဆေး၊ အိုဇေးလ်တို့လို ဒီရာသီမှာ ခြေစွမ်းပြ နေတဲ့ ကစားသမားတွေလည်း ပျောက်ဆုံးနေခဲ့ပါတယ်။
ပွဲချိန် ၂၆ မိနစ်မှာတော့ ခြေစွမ်းအသာနဲ့ ကစားနေတဲ့ မန်ယူနိုက်တက်ဟာ အဖွင့်ဂိုး သွင်းယူလိုက်နိုင်ပါပြီ။ ဒုတိယအကြိမ်မြောက် ရတဲ့ ဒေါင့်ကန်ဘောကို ဝိန်းရူနီ မတင်ပေးလိုက်တာကို ဗန်ပါစီက ခေါင်းတိုက်ပြီးတော့ သွင်းယူလိုက်တာ ဖြစ်ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ မန်ယူနိုက်တက် - အာဆင်နယ်ပွဲစဉ် ၅ ပွဲမှာ ဗန်ပါစီအနေနဲ့ ၅ ဂိုးမြောက် သွင်းယူလိုက်နိုင်တာ ဖြစ်ပါတယ်။ အာဆင်နယ်အတွက် ၂ ဂိုး သွင်းယူပေးခဲ့ပြီး မန်ယူနိုက်တက်အတွက် ၃ ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးကို ဖန်တီးပေးနိုင်ခဲ့တဲ့ ဝိန်းရူနီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက စတင် ရေတွက်လျှင် ဂိုးဖန်တီးပေးမှုပေါင်း ၁၄ ဂိုးအထိ ရှိခဲ့ပြီး ဂိုးဖန်တီးမှု အများဆုံး ကစားသမား အဖြစ် ရပ်တည်လျက်ရှိပါတယ်။ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဗန်ပါစီဟာလည်း ၂၀၁၃ ခုနှစ်အတွင်းမှာ ဂိုးပေါင်း ၁၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးသွင်းယူမှု အများဆုံး ကစားသမား အဖြစ် ရပ်တည်လျက်ရှိပါတယ်။ မန်ချက်စတာယူနိုက်တက်အတွက် ရော်ဘင် ဗန်ပါစီ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပွဲတိုင်းမှာ ယူနိုက်တက်အနေနဲ့ ရှုံးပွဲ မရှိခဲ့သေးပါဘူး။ ဒီနေ့ ပွဲစဉ်မှာတော့ ဘယ်လို ရလာဒ် အဆုံးသတ်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ရော်ဘင် ဗန်ပါစီဟာ ၂၀၁၂ ခုနှစ် ဇန်နဝါရီလတုန်းက အာဆင်နယ်ကစားသမားအဖြစ် ဂိုးသွင်းပြီး မန်ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့သည့် ပွဲနောက်ပိုင်း ဗန်ပါစီ ဂိုးသွင်းယူနိုင်ခဲ့သည့် ပွဲပေါင်း ၂၉ ပွဲ ရှုံးပွဲ မရှိခဲ့တာ ဖြစ်ပါတယ်။
မိနစ် ၃၀ မှာတော့ ပက်ထရစ် အီဗရာကို အဝင်ကြမ်းခဲ့တဲ့ ဆက်ဂ်ညာကို အဝါကဒ် ပြ သတိပေးခဲ့ပါတယ်။ တစ်ဂိုး မပေးရခင်က ပွဲကို ထိန်းကစားနေတဲ့ အာဆင်နယ်ဟာ တစ်ဂိုးပေးလိုက်ရပြီး နောက်ပိုင်းမှာတော့ ပြန်လည် တိုက်စစ်ဆင်လာခဲ့ပြီး ပွဲကပိုမို မြိုင်ဆိုင်လာခဲ့ပါတယ်။ ၃၃ မိနစ်မှာ ကီရန် ဂစ်ဘတ် မတင်ပေးလိုက်တဲ့ ဘောလုံးဟာ ဂိုးပေါက်နားအထိ နီးကပ်လာခဲ့ပေမယ့် ဒီဂီအာ ထွက်ပြီးတော့ လက်သီးနဲ့ ထိုးထုတ် ရှင်းထုတ်နိုင်ခဲ့ပါတယ်။ ၃၅ မိနစ်မှာ ရမ်းမ်ဆေး မတင်ပေးလိုက်တဲ့ ဘောလုံးကို ဂီရုဒ် ခေါင်းတိုက်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးပေါက် မတည့်ခဲ့ပါဘူး။
၃၇ မိနစ်မှာတော့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တစ်ကို မြင်တွေ့ခဲ့ရပါတယ်။ အာဆင်နယ် ပယ်နယ်တီ ဧရိယာအတွင်းမှာ ဝိန်းရူနီကို ဂီရုဒ်က အလွတ် ဝင်ပြီး ဘော်ဒီ ဝင်စားခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်ဒိုင် မိုက်ကယ် အိုလီဗီယာရာ အနေနဲ့ ပယ်နယ်တီ သတ်မှတ်ပေးခဲ့ခြင်း မရှိပါဘူး။ အနေအထားက ဂီရုဒ်ဟာ ဘောလုံးယှဉ်လုတဲ့ အနေအထားမဟုတ်ပဲ ဘော်ဒီ တိုက်ခဲ့တာ ဖြစ်တဲ့အတွက် ပယ်နယ်တီ ပေးလို့ ရနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ မပေးမဖြစ် သေချာပေါက် ပေးရမယ့် အနေအထားမျိုးလည်း မဟုတ်တဲ့အတွက် အိုလီဗီယာရာကို အပြစ်တင်ဖို့လည်း ခက်တဲ့ အနေအထား ဖြစ်ပါတယ်။
၄၀ မိနစ်မှာ အာဆင်နယ် ဂိုးသမား ဆက်ဇနီနှင့် တိုက်မိခဲ့တဲ့ ဖီးလ်ဂျုန်းကို အဝါကဒ် ပြ သတိပေးခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ဖီးလ်ဂျုန်းကို အဖျက်ကြမ်းခဲ့တဲ့ ဖလာမီနီကို အဝါကဒ် ပြသခံခဲ့ရပါတယ်။
ပထမပိုင်းအပြီးမှာတော့ ယူနိုက်တက်ကပဲ တစ်ဂိုး အသာနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ပထမပိုင်း ကစားပုံအရ အာဆင်နယ်အသင်းအနေနဲ့ ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာစီး ရခဲ့ပေမယ့် ဂိုးပေါက် ကန်သွင်းမှုတော့ မရှိခဲ့ပါဘူး။ တောင်ပံက မတင်လိုက်တဲ့ ဘောလုံးတွေကို ဒီဂီအာ ထွက်ပုတ်လိုက်ရတဲ့ အလုံး ၂ လုံးပဲ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းကတော့ ကွင်းလယ်ပိုင်းမှာ အသာစီးရနိုင်တယ်လို့ ပြောနိုင်တဲ့ အနေအထားပါ။ ဖီးလ်ဂျုန်းရဲ့ ဖျက်အားကြောင့် အာဆင်နယ် ကွင်းလယ် အခက်ကြုံနေရသလို ဝိန်းရူနီဟာလည်း ကွင်းလယ်အထိ ဆင်းပြီးတော့ ပြေးလွှား ကစားနေခဲ့တဲ့အတွက် အာဆင်နယ်အနေနဲ့ အခက်တွေ့နေရတဲ့ အနေအထား ဖြစ်ပါတယ်။
ဒုတိယပိုင်း ပွဲအစမှာတော့ ပထမပိုင်း ပွဲပြီးကာနီးမှာ ဂိုးသမား ဒီဂီအာနှင့် ထိခိုက်မိပြီး ဒါဏ်ရာ ရသွားတဲ့ အသင်းခေါင်းဆောင် ဗီဒစ်အစား ကလဲဗားလေး ဝင်ရောက် ကစားခဲ့ပါတယ်။ ဖီးလ်ဂျုန်း နောက်ခံလူအဖြစ် ဆင်းကစားရမယ့် အနေအထား ဖြစ်ပါတယ်။ ဒုတိယပိုင်း ပွဲအစမှာတော့ အာဆင်နယ်အသင်းက ပြန်လည် ဖိအားပေး ကစားနိုင်ခဲ့ပြီး ဖီးလ်ဂျုန်း မရှိတော့တဲ့ မန်ယူနိုက်တက် ကွင်းလယ်ဟာ အဖျက်ပိုင်းမှာ အတော် အားနည်းလာတာကို တွေ့ရပါတယ်။
၅၈ မိနစ်မှာ ဒေါင့်ကန်ဘောကနေ တစ်ဆင့် ပြန်ထွက်အလာမှာ အိုဇေးလ်ရှေ့ ဘောလုံးကျသွားပြီး အိုဇေးလ် မနားတမ်း ကန်သွင်းပေမယ့် ဂိုးပေါက်နဲ့ အနည်းငယ် လွဲချော်ခဲ့ပါတယ်။ ဆက်တိုက်ပဲ ရမ်းမ်ဆေး အဝေးကနေ လှမ်းကန်ခဲ့ပေမယ့် ကန်ချက် အရမ်းပျော့နေခဲ့ပြီး ဒီဂီအာ အေးအေးဆေးဆေးပဲ ဖမ်းယူနိုင်ခဲ့ပါတယ်။ ပွဲစဉ် တစ်လျှောက်လုံးမှာ အာဆင်နယ်အသင်းရဲ့ ပထမဆုံး ဂိုးပေါက် တည့်မှု ဖြစ်ပါတယ်။

၅၉ မိနစ်မှာတော့ မန်ယူနိုက်တက်အတွက် ဒုတိယဂိုး ဖြစ်လာနိုင်တဲ့ အနေအထား တစ်ရပ် ဖြစ်ခဲ့ပါသေးတယ်။ ဝိန်းရူနီတစ်ယောက် ကိုစီယယ်လ်နီကို လှည့်ပြီး အနိမ့်ဘော ကန်သွင်းလိုက်ရာမှာ ဆက်ဇနီ ကာကွယ်ဖို့ မတတ်နိုင်တဲ့ အနေအထား ဖြစ်ပေမယ့် ဂိုးတိုင်ဘေးနားက ကပ်ထွက်သွားခဲ့တဲ့အတွက် ယူနိုက်တက်တို့ နစ်နာခဲ့ရပါတယ်။ သိပ်မကြာခင်မှာ အာဆင်နယ်အသင်းက ဖလာမီနီကို ထုတ်ပြီး ဝီလ်ရှီးယား လူစားဝင် ကစားလာပါတယ်။
၆၆ မိနစ်မှာ ဗလင်စီယာရဲ့ ဖန်တီးပေးမှုကနေ တစ်ဆင့် ဝိန်းရူနီ အဝေးကနေ ကန်သွင်းခဲ့ပေမယ့် ဂိုးပေါက် မတည့်ခဲ့ပြန်ပါဘူး။ ၇၂ မိနစ်မှာ အာဆင်နယ် နောက်ခံလူ ဆက်ဂ်ညာ မတင်ပေးလိုက်တဲ့ ဘောလုံးဟာ အင်မတန် ကောင်းခဲ့ပေမယ့် အီဗန်နှင့် အနည်းငယ် ထိပြီး အာဆင်နယ် တိုက်စစ်မှူးတွေ အသုံးမချလိုက်နိုင်ပါဘူး။ ၇၄ မိနစ်မှာတော့ ရမ်းမ်ဆေးကို အဝင်ကြမ်းခဲ့တဲ့ ရူနီကို အဝါကဒ် ပြသ သတိပေးခဲ့ပါတယ်။ ၇၆ မိနစ်မှာ ကီရန် ဂစ်ဘ် ကိုက် ၃၀ အကွာလောက်ကနေ မြေလှိမ့်ဘော ကန်သွင်းခဲ့ပေမယ့် ဒီဂီအာအတွက် အေးဆေးသက်သာပဲ ဖမ်းယူနိုင်ခဲ့ပါတယ်။
၇၇ မိနစ်မှာ ကာဂါဝါအစား ရိုင်ယန်ဂစ်ကို လူစားလဲခဲ့သလို အာဆင်နယ်အသင်းကလည်း ကာဇိုလာအစား ဘန့်တနာကို ထည့်သွင်း ကစားခဲ့ပါတယ်။ မိနစ် ၈၀ မှာ အီဗရာကို နောက်ကနေ တွန်းခဲ့တဲ့အတွက် ဝီလ်ရှီးယား အဝါကဒ် ထိခဲ့ပါတယ်။ အဲဒီ ပြစ်ဒါဏ်ဘောကို ဗန်ပါစီ မတင်ပေးလိုက်တာကို စမောလင်း တစ်ယောက်တည်း လွတ်လွတ် ကျွတ်ကျွတ် ခေါင်းတိုက်ခွင့် ရခဲ့ပေမယ့် မမီမကမ်း လှမ်းတိုက်ရာမှာ ကောင်းကောင်း မတိုက်မိပဲ လွဲချော် သွားခဲ့ပါတယ်။ ၈၂ မိနစ်မှာ အာဆင်နယ်အသင်းဟာ အာတီတာကို ထုတ်ပြီး ဂနာဘရီကို ထည့်သွင်း ကစားခဲ့ပါတယ်။ မိနစ် ၈၀ အကျော်မှာတော့ အာဆင်နယ်အသင်းက ဖိဖိစီးစီး တိုက်စစ်ဆင်လာခဲ့ပြီး ဂီရုဒ်ရဲ့ ကန်ချက်ဟာ နောက်ခံလူနဲ့ ထိပြီး တိုင်ဘေးက ကပ်ထွက်သွားခဲ့တဲ့အတွက် အာဆင်နယ်အတွက် နစ်နာခဲ့ရပါတယ်။
၈၄ မိနစ်မှာတော့ ဒီနေ့ပွဲရဲ့ ဂိုးသွင်းရှင် ဗန်ပါစီကို ထုတ်ပြီး ဖလေနီ ဝင်ရောက် ကစားလာပါတယ်။ နှစ်ဖက်အသင်း လူစားလဲမှု ၃ ကြိမ်စီ ပြုလုပ်ပြီး ဖြစ်ပါတယ်။ ၉၁ မိနစ်မှာ အာဆင်နယ်အနေနဲ့ ဂိုးရဖို့ အတော်နီးစပ်ခဲ့တဲ့ အနေအထား တစ်ခု ရခဲ့ပါတယ်။ ဆက်ဂ်ညာ မတင်ပေးလိုက်တဲ့ ဘောလုံးကို ဘန့်တနာ အနီးကပ် ပိတ်သွင်းဖို့ ကြိုးစားပေမယ့် မမီလိုက်တာ ဖြစ်ပါတယ်။
ဒီနေ့ပွဲ ကစားပုံအရ ပထမပိုင်းမှာ မန်ယူနိုက်တက်အသင်းက အခွင့်အရေး ဖန်တီးမှု အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အာဆင်နယ်အသင်းက အသာစီးနဲ့ ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခွင့်အရေးတစ်ချို့လည်း ဖန်တီးနိုင်ခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တဲ့အတွက် အာဆင်နယ်အသင်းအနေနဲ့ အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ အထူးသဖြင့် ဆက်ဂ်ညာ မတင်ပေးတဲ့ ဘောလုံးနှစ်လုံးဟာ အာဆင်နယ်အသင်းအတွက် ဂိုးရဖို့ အတော်နီးစပ်ခဲ့တဲ့ အနေအထား ဖြစ်ပါတယ်။ ဂိုးပေါက်တည့်မှု အင်မတန် နည်းပါးခဲ့တဲ့ ပွဲစဉ် တစ်ခု ဖြစ်တဲ့အတွက် နှစ်ဖက် ဂိုးသမားများ အနေနဲ့ အတော် အလုပ်နည်းခဲ့တဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် အာဆင်နယ်အသင်းအနေနဲ့ ယခုနှစ် ဘောလုံးရာသီမှာ ပထမဆုံး ဂိုးမသွင်းနိုင်ခဲ့တဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ရပါတယ်။ အသင်းကြီးအချို့ ရလာဒ်မကောင်းခဲ့တဲ့ ပွဲစဉ် ၁၁ မှာ ယူနိုက်တက်အနေနဲ့ အာဆင်နယ်အသင်းကို အနိုင်ယူလိုက်နိုင်တဲ့အတွက် အဆင့် ၅ မှာ ရပ်တည်နေပြီ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းကတော့ ဒီနေ့ပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် ဇယားထိပ်မှာ ရပ်တည်နေဆဲပဲ ဖြစ်ပါတယ်။
Written by အောင်စိုးမိုး(နတ်ရွာ)


0 comments:

Post a Comment

 
Top