Mr Zai: အစ်ကိုရေ Dota2 အကြောင်းလေးသိရင် နည်းနည်းလောက် Share ပေးပါလား...
Dota2 ဆိုတာ

Dota2 ဆိုတာ Warcraft ရဲ့ ပြုပြင်ဖန်တီးထားတဲ့ မြေပုံတစ်ခုဖြစ်တဲ့ Defense of the Ancients ကနေ စတင်မြစ်ဖျားခံလာတာ ဖြစ်ပါတယ်။၂၀၁၀ ခုနှစ် သြဂုတ်လ ၆ ရက်နေ့မှာ DotA ရဲ့ လက်ရှိ ဖန်တီးရှင် IceFrog ဟာ Valve Corporation နဲ့ပူးပေါင်းပြီး Dota2 ကို ထုတ်လုပ်ဖို့ စတင်စီစဉ်ခဲ့ပါတယ်။ DotA ရဲ့ မူလပရိသတ်ဟာ အသစ်ဆက်လက် ဖန်တီးမယ့် Dota2 အပေါ်မှာလည်း အများအပြား မျှော်လင့်ချက် ထားခဲ့ကြပါတယ်။ သူ့အရင်ကလည်း DotA ကို အခြေခံပြီး League of Legends နဲ့ Heroes of Newerth တို့ ထွက်ပေါ်ခဲ့ပြီး အထိုက်အလျောက် အောင်မြင်မှုတွေ ရခဲ့တာကြောင့် ခုလာမယ့် Dota2 ဟာ အရင် ၂ခုထက် မသာရင်တောင် မလျော့နိုင်ဘူးလို့ ယူဆထားခဲ့ကြပါတယ်။ ပြီးတော့ ဖန်တီးရှင်ကလည်း DotA ရဲ့ အောင်မြင်မှုကို ပဲ့ကိုင်ပေးနေတဲ့ ဉာဏ်ကြီးရှင် IceFrog ကိုယ်တိုင် ဖြစ်နေတာကြောင့် Dota2 ဟာ LoL နဲ့ HoN တို့ထက် ပိုပြီး စိတ်ဝင်စားခြင်း ခံခဲ့ရပါတယ်။



Character ပိုင်း အပြောင်းအလဲ

Dota2 ဟာ DotA ထဲက ဇာတ်ကောင်တွေကိုပဲ ပြန်လည် အသုံးပြုထားတာကြောင့် သူ့ရဲ့ မူလဇာတ်လမ်းကျောရိုးဟာ ပြောင်းလဲသွားခြင်းမရှိပဲ ဆက်လက် အသက်ဝင်နေပါတယ်။ သို့ပေမယ့် သူတို့ရဲ့ သွင်ပြင်ပိုင်းကိုတော့ ကန့်သတ်ချက်တွေနဲ့ ဘောင်ကျဉ်းနေတဲ့ Warcraft III အင်ဂျင်ကို ကျော်လွန်နိုင်သွားတာမို့ စိတ်ကြိုက်ဖန်တီးထားတာ တွေ့ရှိရပါတယ်။ ဇာတ်ကောင်တွေကို ပိုမိုထင်ရှားစေပြီး ပိုမိုအသက်ဝင်အောင် ဖန်တီးထားပေမယ့် ဂိမ်းကစားရာမှာလည်း အဆင်ပြေချောမွေ့စေအောင် ဂရုတစိုက် ဖန်တီးထားတာ တွေ့ရပါတယ်။ အချို့ဇာတ်ကောင်ပုံစံတွေ (ဥပမာ – Antimage) နဲ့ ပတ်သက်လို့ အနည်းငယ် ဝေဖန်ခံရပေမယ့် အများစုကတော့ အတော်လေး နှစ်သက်ကြတာ တွေ့ရှိရပါတယ်။ နောက်ဆုံးရရှိတဲ့ သတင်းအရတော့ ကစားလို့ရတဲ့ Character ပေါင်း ၁၀၅ ကောင် ပါဝင်မယ်လို့ သိရှိရပါတယ်။ မူလ DotA မှာ ပါဝင်တဲ့ လက်နက်ပေါင်းစုံလည်း ပြန်လည်ပါဝင်ပြီး DotA အတိုင်း ရသအပြည့်နဲ့ ကစားနိုင်အောင် လုပ်ဆောင်ထားတယ်လို့ သိရှိရပါတယ်။ DotA မှာ ပါဝင်တဲ့ Sentinel နဲ့ Scourge အစား Radiant နဲ့ Dire အဖြစ် အဖွဲ့နှစ်ဖွဲ့ ပြန်လည်တည်ဆောက်ထားတာကတော့ ထူးခြားချက်ဖြစ်ပါတယ်။



Terrain ပိုင်း အပြောင်းအလဲ

DotA ရဲ့ မူလအသက်သွေးကြော ဖြစ်တဲ့ လမ်းသုံးလမ်းနဲ့ ခံတပ်ပိုင်းကို Warcraft ရဲ့ မူလအဆောက်အဦးတွေနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ Dota2 မှာတော့ အဆောက်အဦးပိုင်းနဲ့ မြေမျက်နှာပြင်အပိုင်းဟာ အနည်းငယ် အားနည်းမှုရှိတယ်လို့ ခံစားရပါတယ်။ Gaming physics တွေ တိုးတက်ပြောင်းလဲလာခြင်းကြောင့် ကစားရတာ ပိုမို သဘာဝကျလာပေမယ့် မူလရှိပြီးသား ခန့်ညားမှုတွေ ပျောက်ကွယ်သွားသလို ခံစားရပါတယ်။ လှေကားထစ်တွေ၊ လမ်းကြောင်းတွေကို ထင်ထင်ရှားရှား ပြသထားလွန်းတာကြောင့် တခါတရံမှာ ဂိမ်းကစားရတာနဲ့တောင် မတူပဲ နည်းနည်း ကသိကအောက် ဖြစ်နိုင်တဲ့ အခြေအနေမျိုးရှိပါတယ်။

Game Play ပိုင်းနဲ့ Menu ပိုင်း အပြောင်းအလဲ

Game Play ပိုင်းကိုတော့ DotA အနီးစပ်ဆုံး တူညီအောင် ပြန်လည်တည်ဆောက်ထားပြီး Menu အပိုင်းမှာတော့ အများကြီး ပိုမိုကောင်းမွန်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။ Warcraft III ရဲ့ Menu နဲ့ Control ကို အသုံးပြုပြီး ကစားရတဲ့ DotA ကနေ Dota2 ကို ပြောင်းလဲ ကစားတဲ့အခါမှာ အစပိုင်း အနည်းငယ် အခက်အခဲ ရှိနိုင်ပေမယ့် အလွယ်တကူ အထိုင်ကျနိုင်ကြောင်းကို “The International” က ပြသနိုင်ခဲ့ပါတယ်။ Dota2 ဟာ DotA ကိုပဲ ပင်မ အခြေခံထားပြီး ဖန်တီးထားတဲ့အတွက် DotA ကလွဲရင် ကျန်တာကို ကစားနိုင်မှာမဟုတ်တာကတော့ သူရဲ့ အားနည်းချက် ဖြစ်ပါတယ်။ သို့ပေမယ့် ခုမှ စတင်ကစားမယ့် player တွေအတွက် In-game Lessons တွေလည်း ပါဝင်မယ်လို့ သိရှိရပါတယ်။

DotA ခေတ်တုံးပြီး Dota2 ဖြစ်လာမှာလား

IceFrog ဟာ Dota2 မထွက်ခင်မှာ DotA ရဲ့ နောက်ဆုံးထွက် မြေပုံကို အသေးစိတ်ပြန်လည် ခြယ်မှုန်းခဲ့ပါတယ်။ stats တွေနဲ့ Ability တွေ၊ Effect တွေကို သေသေချာချာ ပြန်လည်ညှိခဲ့ပြီး အလွန်အကျွံ မဖြစ်ရလေအောင် ဂရုစိုက်ခဲ့ပါတယ်။ ဒါ့အပြင် Warcraft III ရဲ့ သီချင်းဖန်တီးရှင် Jason Hayes ကလည်း Dota2 အတွက် Valve နဲ့ ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါသေးတယ်။ အဖက်ဖက်ကနေ အားတက်သရော ကူညီဆောင်ရွက်ပေးခဲ့မှုတွေဟာ IceFrog အတွက် Dota2 ဟာ အတော်လေး ပြီးပြည့်စုံတဲ့ အောင်မြင်မှု တစ်ခု ဖြစ်လာစေခဲ့ပါတယ်။ သို့ပေမယ့် IceFrog ဟာ DotA ကို ဆက်လက်ပြီး ဖန်တီးဦးမလား ဒါမှမဟုတ် Dota2 ကိုပဲ အာရုံစိုက်ဖန်တီးမလားဆိုတာ ခုချိန်ထိ မသေချာသေးပါဘူး။
Dota2 ဟာ Diablo III, The Elder Scrolls V, Battlefield 3, Skyrim နဲ့ Guild Wars 2 တို့ကို ကျော်ဖြတ်ပြီး IGN ရဲ့ ၂၀၁၁ ခုနှစ်အတွက် ပရိသတ်က ရွေးချယ်တဲ့ အကောင်းဆုံးဂိမ်းဆုကို ဆွတ်ခူးရရှိသွားခဲ့ပါတယ်။


*  DotA ရဲ့ အနာဂတ်*
DotA – ဒီစကားလုံးလေးကိုတော့ ခေတ်လူငယ် တော်တော်များများ ကြားဘူးကြမှာပါ။Warcraft III ရဲ့ Expansion ဖြစ်တဲ့ Frozen Throne အတွက် Third Party Map အဖြစ်အလွန်ကို ကျော်ကြားတဲ့ ကစားပွဲတစ်ခုပါ။ စိတ်လှုပ်ရှားစရာ ကောင်းပြီးကိုယ်စွမ်းကိုယ်စကို ထုတ်ပြနိုင်တဲ့ ကစားပွဲတစ်ခုဖြစ်တဲ့အတွက် လူငယ်တွေကြားမှာထင်ပေါ်ကျော်ကြားပါတယ်။ ခုဆို လူငယ်တွေသာမက ကွန်ပြူတာလောကက လူတွေပါ DotA ကို
စွဲလမ်းကုန်ကြပါပြီ။ DotA မှ မသိရင် ကွန်ပြူတာလောကမှာ မျက်နှာငယ်စရာလိုလိုဘာလိုလိုပေါ့။
ဒီမတိုင်ခင်ကတော့ ကွန်ပြူတာလောကမှာ ဂိမ်းကစားတာကပဲ အကြီးမားဆုံးပြစ်ချက်ကြီးလို ဖြစ်နေပါတယ်။ အနီးစပ်ဆုံးပြောရရင် မြန်မာပြည်က ကွန်ပြူတာတက္ကသိုလ်တွေ၊ သင်တန်းကျောင်းတွေမှာ ဂိမ်းကစားခွင့် ပြုမထားပါဘူး။ ရှိတဲ့ဂိမ်းလေးတွေကလည်း ၀င်းဒိုးတင်ကတည်းက တခါတည်း ပါလာတဲ့ ဖဲရိုက်တဲ့ဂိမ်းလေးတွေပါ။ဂိမ်းနဲ့ ပတ်သက်ပြီး နောက်ထပ် အရုပ်ဆိုးစေတဲ့အချက်က Coin တွေ ထည့်ပြီး ကစားရတဲ့ဂိမ်းစက်တွေကို အမြင်စောင်းနေကြတာပါပဲ။ Coin တွေထည့်ပြီး ကစားရတဲ့ Gameစက်တွေကြောင့် ငွေကြေး အမြောက်အများ ကုန်ကျတယ်ဆိုတာကို ကြားဘူးနားဝရှိတဲ့သူတွေက ဂိမ်းဆော့တယ်ဆိုတာ မကောင်းဘူုးဆိုပြီး အမြင်ဆိုးတွေ ၀င်နေပါတယ်။ မှတ်မှတ်ရရ မဂ္ဂဇင်းတစ်ခုမှာ ကုဋေ ရှစ်ဆယ် သူဌေးသား ဂိမ်းဆော့လို့ မွဲသွားတယ်ဆိုတာမျိုးတောင် ကာတွန်းပါလာပါသေးတယ်။ ကွန်ပြူတာ ဆားဗစ်လုပ်ငန်းတစ်ခုမှာဆိုရင် ဆားဗစ်သမားတွေ ဂိမ်းဆော့တာ တွေ့ရင် ဒဏ်ငွေ ၅၀၀ ဆောင်ရတယ်ဆိုပဲ။
ခုတော့ DotA က နှိုးဆွတာနဲ့  ကလေးရော လူကြီးပါ မကျန် ကွန်ပြူတာဂိမ်းကို စိတ်ဝင်စားလာကြပြီး DotA မှ DotA ဖြစ်ကုန်ကြပါပြီ။ အရင်က ဂိမ်းဆိုတာ အရုပ်ကလေးတွေ ဟိုရွှေ့ဒီရွှေ့နဲ့ ပျင်းစရာကောင်းတယ်လို့ ထင်ခဲ့တဲ့သူတွေတောင် DotA ရဲ့ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ပြိုင်ဆိုင်မှုတွေရဲ့ အောက်မှာ မငြီးမငွေ့အချိန်ဖြုန်းနေကြပုံကို ထောက်ရင် DotA ရဲ့ အင်အားကို ခန့်မှန်းမိလောက်ရောပေါ့။
*ဒိုတာ (DotA) ဆိုတာ*
DotA ဆိုတာဟာ Defense of the Ancients ရဲ့ အတိုကောက်နာမည် ဖြစ်ပါတယ်။ မြန်မာလို “ရှေးဟောင်းအိုမင်းနေသော အရာများကို ကာကွယ်ခြင်း”လို့ အနီးစပ်ဆုံး ဘာသာပြန်လို့ရပါတယ်။ DotA ရဲ့ မူလ Platform ဖြစ်တဲ့ Warcraft ဟာ ၁၉၉၄ ခုနှစ်မှာ စတင်ခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ DotA စတင်ပေါ်ပေါက်လာစေမယ့် Warcraft III : Reign of Chaos ကို Blizzard Entertainment ကနေ ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာ DotA ရဲ့ မူလ ဖန်တီးရှင် Eul ဟာ StarCraft ရဲ့ ဇာတ်ဝင်ခန်းတစ်ခုဖြစ်တဲ့ Aeon of Strife ကို အခြေခံပြီး DotA ကို စတင်ရေးဆွဲခဲ့ပါတယ်။ (Eul ဆိုတာ သူရဲ့ Battle.Net ပေါ်က Nickname ဖြစ်ပါတယ်) စတင်ရေးဆွဲချိန်တုန်းကတော့ Warcraft မှာပါတဲ့ World Editor ကိုပဲ သုံးဆွဲပြီး ဖန်တီးခဲ့တာပါ။ ဒါပေမယ့် DotA ဟာ အခြား အမျိုးအစားတူ မြေပုံတွေရဲ့ နောက်မှာပဲ မှေးမှိန်နေခဲ့ပါတယ်။
Warcraft III ရဲ့ မူလဂိမ်းအမျိုးအစားဟာ Real-Time Strategy အမျိုးအစားဖြစ်ပေမယ့် သူ့မှာပါတဲ့ Map Editor ကို အသုံးပြုပြီး နှစ်သက်ရာ
Real-Time ဂိမ်းအမျိုးအစားတွေကို ဖန်တီးလို့ရပါတယ်။ Tower Defense နဲ့ Role Playing အမျိုးအစားတွေကို အဓိက ဖန်တီးကြလေ့ရှိပြီး Racing အမျိုးအစား အနည်းငယ်လည်း ရှိပါတယ်။


ဒါတွေအားလုံးကို Warcraft III မှာ ပါလာပြီးသား World Editor ကို အသုံးပြုပြီး ဖန်တီးယူလို့ ရပါတယ်။ DotA ရဲ့ ဖန်တီးရှင် Eul ဟာ သူ့ရဲ့ ဂိမ်းကို 3 Corridors တို့ Aeon of Strife တို့ ဆန်ဆန်ပဲ RPG ပုံစံ ဖန်တီးခဲ့ပါတယ်။ Warcraft III ရဲ့ Expansion အဖြစ် The Frozen Throne ထွက်လာတဲ့အခါမှာ World Editor မှာ နောက်ထပ် အဆင့်မြင့် ပေါင်းစပ်ချက်တွေ
ပါလာပြီး ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။ Eul ဟာ မြေပုံကို ဆက်လက် အဆင့်တိုးမြှင့်ခြင်း မပြုတော့ပဲ ကစားသူတွေ အဆင်ပြေအောင် ဖန်တီးပေးရုံလောက်ပဲ လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ နောက်ထပ် Developer တစ်ဦးဖြစ်တဲ့ Steve Feak (Nickname အရ Guinsoo) ဟာ မြေပုံကို အဆင့်မြှင့်တင်မှု ပြုလုပ်ခဲ့ပြီး Recipe စနစ်ကို ပေါင်းထည့်ပေးခဲ့ပါတယ်။ အဲဒီအချိန်မှာ Warcraft III ရဲ့ World Editor အတွက် Third Party Modification တွေ ထွက်ပေါ်လာတဲ့အတွက် Guinsoo ဟာ မြေပုံကို ကောင်းသထက်ကောင်းလာအောင် အဆင်မြှင့်တင်လာနိုင်ခဲ့ပါတယ်။


*DotA Community*
Guinsoo ရဲ့ ကြိုးစားမှု ရလာဒ်အဖြစ် DotA ဟာ ကျယ်ပြန့်လာပြီး Battle.Net မှာ နေရာတစ်ခု ရယူလာနိုင်ပေမယ့် DotA အတွက် သီးသန့် ဆွေးနွေးခန်းတော့ ဖြစ်မလာခဲ့သေးပါဘူး။ Guinsoo ဟာ DotA ကနေ DotA Allstars အဖြစ် မြေပုံကို အဆင့်မြှင့်တင်လာခဲ့ပြီးနောက်ပိုင်းမှာ DotA Allstars မြေပုံကို ကစားသူတွေ အများအပြား ပေါ်ပေါက်လာပြီး သက်ဆိုင်ရာ Clan (Game အဖွဲ့) အဖြစ်လည်း စုစည်းလာကြပါတယ်။ Battle.Net ကနေ အခြား တစ်နေရာကို ရွှေ့ပြောင်းဖို့ DotAAllstars ရဲ့ Clan ဖြစ်တဲ့ TDA ခေါင်းဆောင်တွေ ညှိနှိုင်းကြပြီး ၂၀၀၄ ခုနှစ်မှာ စတင်ကြိုးပမ်းခဲ့ကြပါတယ်။ ၂၀၀၄ အောက်တိုဘာ ၁၄ ရက်နေ့မှာ ဒီကနေ့ DotA Community ကြီးရဲ့ အုတ်မြစ်ဖြစ်တဲ့ dota-allstars.com ကို TDA အဖွဲ့ဝင် Pendragon လို့ခေါ်တဲ့ Steve Mescon က တရားဝင် ထူထောင်လိုက်ပါတယ်။
*လက်ဆင့်ကမ်းကြပြီ* 

 DotA ဟာ Version အဆင့်မြှင့်တင်မှုများကြားမှာ ကြီးထွားလာခဲ့ပြီး Guinsoo ဟာလည်း အလုပ်တွေ များလာခဲ့ပါတယ်။ Version 6.01 အရောက်မှာ Guinsoo ဟာ အတော်အသင့် ပြီးပြည့်စုံတဲ့ အဆင့်မြှင့်တင်မှု ပြုလုပ်ခဲ့ပြီး နောက်ထပ် Developer တစ်ယောက်ဆီကို လက်ဆင့်ကမ်းပေးခဲ့ပါတယ်။ အဲဒီသူကတော့ ဒီကနေ့ DotA ရဲ့ ဖန်တီးရှင် IceFrog ပဲ ဖြစ်ပါတယ်။ Guinsoo ကိုယ်တိုင်ကတော့ DotA မှာ ရရှိခဲ့တဲ့ သင်ခန်းစာတွေကို အခြေခံပြီး Riot Games ကုမ္ပဏီအတွက် League of Legends ကို ဆက်လက်ဖန်တီးခဲ့ပါတယ်။ တခြားသူတွေနဲ့ မတူတဲ့ IceFrog ဟာ လူမြင်ကွင်းကို မထွက်ပဲ လိုအပ်တဲ့ အဆင့်မြှင့်တင်မှုတွေ၊ Hero အသစ်တွေနဲ့ လက်နက်အသစ်တွေကို ထပ်ဖြည့်ပေါင်းတိုင်း changelog တစ်ခု အမြဲတမ်း ထုတ်ပေးခဲ့ပါတယ်။ မြေပုံအသစ်ထုတ်တိုင်း ပြောင်းလဲမှုတွေကို ထပ်ထပ်ပေါင်းပေးခဲ့သလို DotA Community ကြီးကနေ တောင်းဆိုတင်ပြတဲ့ အကြံဉာဏ်အသစ်တွေကိုလည်း သေချာလေ့လာသုံးသပ်ပြီး လက်သင့်ခံပေးခဲ့ပါတယ်။ အဲဒီမြေပုံအသစ်တွေနဲ့ changelog တွေကို www.getdota.comမှာ သွားရောက်ရယူနိုင်ပါတယ်။

*  လမ်းခွဲဖို့အချိန်*

Pendragon ဟာ dota-allstars ဖိုရမ်ကြီးကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ပေးခဲ့ပေမယ့် ၂၀၀၉ ခုနှစ် မေလမှာတော့ IceFrog ဟာ အဲဒီ ဖိုရမ်မှာ ဆက်လက် ပါဝင်ဆောင်ရွက်ပေးခြင်း မရှိတော့ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီအချိန်မှာ www.dota-allstars.com ဆိုက်မှာ အသုံးပြုသူပေါင်း တစ်သန်းခွဲခန့်ရှိပြီး လစဉ် ၀င်ရောက်ကြည့်ရှုသူ တစ်သန်းခန့်ရှိနေပါပြီ။ IceFrog ဟာ သူ့ရဲ့ ကိုယ်ပိုင် ကွန်မြူနတီ ဖြစ်တဲ့ www.playdota.com ကို အရင် www.dota-allstars.com ရဲ့ ပုံစံအတိုင်းပဲ ပြန်လည်ထူထောင်ခဲ့ပြီး DotA ကို အသက်ဆက်ခဲ့ပါတယ်။ Pendragon ကတော့ ကြည့်ရှုသူဦးရေ ကျဆင်းလာတဲ့ www.dota-alllstars.com ကို ၂၀၁၀ ဇူလိုင်လ ၂၂ ရက်မှာ ပိတ်သိမ်းခဲ့ပြီး အမှတ်တရ စာတစ်စောင် တင်ပေးခဲ့ပါတယ်။ အဲဒီမှာပဲ သူဟာ League of Legends ဘက်မှာ အာရုံစိုက်နေပြီဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

*အောင်မြင်မှုများ*

ကျော်ကြားလာတဲ့ DotA ဟာ Warcraft III ရဲ့ Community လေး တစ်ခုအဖြစ်ကနေ ပိုမိုကြီးထွားလာပြီး ၂၀၀၅ ခုနှစ်မှာ Blizzard ကုမ္ပဏီရဲ့ BlizzCon ကွန်ဗန်းရှင်းမှာ အရေးပါတဲ့ ပြိုင်ပွဲတစ်ခုအဖြစ် အခြား ဂိမ်းများနဲ့ ယှဉ်ပြိုင်လာနိုင်ခဲ့ပါတယ်။ မလေးရှားနဲ့ စင်ကာပူမှာ ကျင်းပတဲ့ World Cyber Game ပြိုင်ပွဲမှာလည်း ကျော်ကြားခဲ့ပြီး နောက်ပိုင်းမှာ Cyberathlete Amateur League နဲ့ CyberEvolution League တွေမှာပါ ပါဝင်လာခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် Electronic Sports World Cup မှာလည်း ထည့်သွင်းကျင်းပနိုင်တဲ့ အဆင့်ထိ တိုးတက်လာခဲ့ပါတယ်။

Counter Strike တို့၊ Red Alert တို့၊ Yuri’s Revenge တို့၊ Age of Empires တို့ StarCraft တို့ဟာ ဂိမ်းလောကမှာ ခေတ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် DotA လို ဘယ်တော့မှ မရိုးတမ်း ဆွဲဆောင်ထားနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ DotA ကို အခြေခံပြီး Guinsoo က League of Legends ကို ဆက်လက်ဖန်တီးခဲ့သလို S2 Games ကနေလည်း IceFrog ရဲ့ ခွင့်ပြုချက်ကို ရယူပြီး Heroes of Newerth ကို
ဖန်တီးခဲ့ပါတယ်။
ဒါပေမယ့် Blizzard ရဲ့ Warcraft III လို ပြီးပြည့်စုံတဲ့ Platform ပေါ်မှာ အလုပ်လုပ်နေတဲ့ DotA ကို ကျော်တက်နိုင်ခဲ့ခြင်း မရှိပါဘူး။ ၂၀၀၆ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့မှာ Sweden လူမျိုး ဂီတပညာရှင် Basshunter ဟာ Vi sitter i Ventrilo och Spelar DotA (I sit here on Ventrilo and playing some DotA) ဆိုတဲ့ သီချင်းနဲ့ သီဆိုဂုဏ်ပြုခဲ့ပါတယ်။ (Basshunter ဟာ နောက်ပိုင်းမှာ အဲဒီသီချင်းကို အင်္ဂလိပ်လို ပြောင်းလဲခဲ့ရာမှာ All I Ever Wanted အဖြစ် စာသားအားလုံး ပြောင်းလဲခဲ့ပြီး အောင်မြင်ခဲ့ပါတယ်)

*အနာဂတ် ခရီးလမ်း*

DotA ရဲ့ လက်ရှိ ဖန်တီးရှင်ဖြစ်တဲ့ IceFrog ဟာ Valve Corporation ရဲ့ ဂိမ်းထုတ်လုပ်ရေး လုပ်ငန်းခွင်ကို လှည့်လည်လေ့လာချင်ကြောင်း
ကမ်းလှမ်းခဲ့ပါတယ်။ Valve ရဲ့ Project Manager ဖြစ်တဲ့ Erik Johnson က သဘောတူညီခဲ့ပြီးနောက် IceFrog လာရောက်ချိန်မှာ DotA အသစ်ဖန်တီးဖို့လည်း ကမ်းလှမ်းခဲ့ပါတယ်။ IceFrog ဟာ ၂၀၁၀ ခုနှစ် သြဂုတ်လ ၆ ရက်နေ့မှာ Valve Corporation ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပါတယ်။ သဘောတူညီချက်အရ IceFrog ဟာ DotA ကိုလည်း အဆင့်မြှင့်တင်မှာဖြစ်ပြီး Dota 2 လို့ ခေါ်တဲ့ Game Engine အသစ်တစ်ခုကိုလည်း ဦးဆောင်တည်ဆောက်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် တရားဝင်ကြေညာချက်ကိုတော့ အောက်တိုဘာ ၁၃ ရက်နေ့ရောက်မှပဲ ထုတ်ပြန်ခဲ့ပါတယ်။ Valve ဟာ DotA စကားလုံးကို မူပိုင်ခွင့်တင်ဖို့ ကြိုးစားလာတဲ့ အတွက် Pendragon (Steve Mescon) ဦးဆောင်တဲ့ dota-allstars ကုမ္ပဏီဟာ အများက ဖန်တီးတည်ဆောက်ထားတဲ့ Game ရဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းဖို့ Defense of the Ancients ဆိုတဲ့ စကားစုကို မူပိုင်ခွင့်တင်ခဲ့ပါတယ်။ DotA ရဲ့ ဖန်တီးရှင်တစ်ဦးဖြစ်တဲ့ Guinsoo (Steve Feak) ကလည်း DotA ကို လွတ်လပ်တဲ့ လူမှုအသိုင်းအ၀ိုင်းတစ်ခုအဖြစ်ကနေ ကုမ္ပဏီတစ်ခုရဲ့ လက်အောက်ကို ရောက်သွားမှာ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဲဒီလို အခြေအနေတွေကြောင့် Valve  Corporation ဟာ DotA အစား a အသေးနဲ့ Dota ဆိုပြီး မူပိုင်ခွင့်တင်ခဲ့ရပါတယ်။ DotA ရဲ့ Platform ဖြစ်တဲ့ Warcraft III ဖန်တီးရှင် Blizzard Entertainment ကလည်း DotA ကို Warcraft အသိုင်းအ၀ိုင်းမှာပဲ ရှိစေချင်တယ်လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Blizzard ကပဲ ထုတ်လုပ်ခဲ့တဲ့ StarCraft II ဂိမ်းရဲ့ထုတ်လုပ်မှု အဖွဲ့ခေါင်းဆောင် Chris Sigaty ကတော့ သူတို့နဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ Valve ကုမ္ပဏီအနေနဲ့ ဒီကိစ္စကို အခက်ကြုံအောင် လုပ်မှာမဟုတ်ပါဘူးလို့ ပြောကြားခဲ့ပါတယ်။

IceFrog ဟာ လက်ရှိအချိန်ထိ သူ့ရဲ့ နာမည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေမယ့် သက်တမ်းအိုမင်းလာပြီဖြစ်တဲ့ Warcraft III ပေါ်မှာ ကစားနေရတဲ့ DotA ကို ဆက်လက်အသက်သွင်းနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။ လက်ရှိအချိန်မှာ ဗားရှင်း 6.71c ကို ဖန်တီးခဲ့ပြီး DotA ကို မရိုးနိုင်အောင် ဆက်လက်ဆန်းသစ်နေဆဲ ဖြစ်ပါတယ်။ အသစ်ဖန်တီးမယ့် Dota 2 ကို Valve ရဲ့ Steam ဂိမ်းအင်ဂျင်ပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပြီး မူလ Warcraft ပလက်ဖောင်းလိုပဲ မိုက်ခရိုဆော့ဖ်ရဲ့ ၀င်းဒိုးနဲ့ အက်ပဲလ်ရဲ့ Mac OS တွေပေါ်မှာ ကစားလို့ ရအောင် ဖန်တီးထားပါတယ်။ Dota 2 မှာ Multiplayer ကစားဟန်ကို အဓိကထားပြီး ဖန်တီးထားပေမယ့် Single Player ဇာတ်လမ်းသွား တစ်ခုကိုလည်း ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ ကစားနေရင်း ကျသွား၊ ထွက်သွားတဲ့ ကစားသမားနေရာကိုလည်း ဖြည့်တင်းခြင်း၊ အစားထိုးခြင်း ပြုလုပ်နိုင်အောင် စီစဉ်ထားပြီး ကစားရင်း သင်ကြားပေးမယ့် စနစ်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ ကျန်တဲ့အစိတ်အပိုင်းတွေကို မူရင်း DotA အတိုင်း ပြန်လည် ဖန်တီးထားပြီး ကင်မရာမြင်ကွင်းအသစ်အချို့နဲ့ အခြား Visual Feature အချို့ကို ထပ်မံဖြည့်သွင်းထားပါတယ်။ Dota 2 ကို ၂၀၁၁ နှစ်နှောင်းပိုင်းမှာ ဖြန့်ချိမှာ ဖြစ်ပါတယ်။

*DotA နဲ့ မြန်မာနိုင်ငံ*

မြန်မာပြည်ဂိမ်းလောက စတင်ဖွံ့ဖြိုးလားတဲ့အချိန်မှာ Counter Strike ခေတ်ကောင်းနေချိန် ဖြစ်ပြီး DotA ကတော့ ၂၀၀၅ ပတ်ဝန်းကျင်လောက်မှ
အင်အားကောင်းကောင်းနဲ့ ဖွံ့ဖြိုးလာတာဖြစ်ပါတယ်။ ရန်ကုန်မှာတော့ ၂၀၀၅ လောက်က စပြီး DotA ပြိုင်ပွဲကြီးတွေ ကျင်းပလာနေပြီဖြစ်ပေမယ့် မန္တလေးနဲ့ အခြားမြို့လေးတွေမှာ ကြိုကြားကြိုကြား ပွဲလေးတွေလောက်ပဲ ရှိပါသေးတယ်။ ၂၀၀၇ ခုနှစ် ရတနာပုံ အိုင်စီတီ မြို့တော်ကြီးမှာ ကျင်းပတဲ့ ၅ ကြိမ်မြောက် အိုင်စီတီပြပွဲကြီးမှာ DotA ပြိုင်ပွဲကို နိုင်ငံအဆင့် ပြိုင်ပွဲအဖြစ် စတင်ကျင်းပလာခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလမှာ ကျင်းပတဲ့ ၂၀၁၀ ခုနှစ် အတွက် ၈ ကြိမ်မြောက် အိုင်စီတီပွဲကြီးမှာတော့ နိုင်ငံအဆင့် ချန်ပီယံအဖြစ် G-7 အသင်းက ဗိုလ်စွဲခဲ့ပြီး GeForce က ဒုတိယ၊ Dominator အသင်းက တတိယဆုများ ဆွတ်ခူးထားပါတယ်။ လာမယ့် ၉ ကြိမ်မြောက်မှာလည်း ဘယ်သူ ဗိုလ်စွဲမလဲဆိုတာ DotA ကစားရင်း ရင်ခုန်စွာ စောင့်စားကြပါစို့ …


www.dota2.com, wiki

Hollinaz

Credit & Ref:  https://www.delodelo.com

0 comments:

Post a Comment

 
Top