နာမည်ကျော် Call of Duty ဂိမ်းစီးရီးများ၏ နောက်ဆုံးထုတ် Call of Duty: Ghostsကို အင်္ဂါနေ့က စတင်ရောင်းချရာ (၂၄)နာရီအတွင်း ဒေါ်လာ (၁)ဘီလျံဖိုးကျော်မျှ ရောင်းထွက်ခဲ့ 


ဗီဒီယိုဂိမ်းတစ်ခု စတင်ရောင်းချသည့် ပထမဆုံးနေ့ရက်တွင်ပင် ဒေါ်လာ (၁)ဘီလျံကျော်ဖိုး အရောင်းသွက်ခဲ့သည် ဆိုသည်မှာ စိတ်ကူးယဉ်ဆန်လွန်းသည့် အနေအထားမျိုး ဖြစ်နိုင်သည်။ သို့သော်လည်း Activision အနေဖြင့် အဆိုပါ စိတ်ကူးယဉ်မှုကို လက်တွေ့ဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့သည်။ နာမည်ကျော် Call of Duty ဂိမ်းစီးရီးများ၏ နောက်ဆုံးထုတ် Call of Duty: Ghostsကို အင်္ဂါနေ့က စတင်ရောင်းချရာ (၂၄)နာရီအတွင်း ဒေါ်လာ (၁)ဘီလျံဖိုးကျော်မျှ ရောင်းထွက်ခဲ့ကြောင်း သိရသည်။ Activision၏ ဖြန့်ဝေရေးဌာန တာဝန်ခံ အကြီးအကဲ အဲရစ်ဟစ်ရှ်ဘာ့ဂ်က "ကျွန်တော်တို့အတွက်တော့ နောက်ထပ် ဂန္ထဝင်မြောက် စိတ်လှုပ်ရှားစရာ ဖြတ်သန်းမှု တစ်ခုပါပဲ။ ပြီးတော့ ဒီဂိမ်းက လူအများ ချိတ်ဆက် ကစားဖို့အတွက် ကျွန်တော်တို့ ထုတ်လုပ်ပေးသမျှထဲမှာ အကောင်းဆုံးလည်း ဖြစ်နေတယ်လေ"ဟု ပြောကြားခဲ့သည်။

Call of Duty ဂိမ်းစီးရီးများသည် ယခင် Modern Warfare၊ Black Ops အစရှိသည့် ဖန်တီးမှုများတွင်လည်း အရောင်းစံချိန်ကောင်းများ ရရှိခဲ့ဖူးသည်။ သို့သော်လည်း Ghostsကမူ ထူးထူးကဲကဲ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ စစ်သည်များ၏ စွန့်စားခန်းများကို စိတ်ကူးယဉ် ဖန်တီးထားသည့် တိုက်ခိုက်ရေးဂိမ်းသည် Grand Theft Auto V၏ အရောင်းစံချိန်ကို သာသာယာယာပင် ကျော်ဖြတ်ခဲ့သည်။ အဆိုပါဂိမ်းသည် စတင်ရောင်းချပြီး (၃)ရက်ပြည့်မှ ဒေါ်လာ(၁)ဘီလျံ ရရှိခဲ့သည်။

ကယ်လီဖိုးနီးယား အခြေစိုက် Activisionသည် Ghostsကို PS3၊ Xbox 360၊ Wiiနှင့် Windows အသုံးပြု ကွန်ပျူတာ စနစ်များအတွက် Platform အမျိုးမျိုးဖြင့် ထုတ်ဝေရောင်းချခဲ့ခြင်း ဖြစ်သည်။ ယခုဖြန့်ချီမှုတွင် Call of Duty အမည်ဖြင့် Appတစ်ခု ပါလာပြီး မိုဘိုင်းလ်ဖုန်းများ၊ Tabletများမှတစ်ဆင့် ဂိမ်းနှင့် ပတ်သက်၍ Multiplayer ကစားသည့် သတင်းအချက်အလက်များ ဝေမျှလာနိုင်သလို Facebookနှင့် Twitterကဲ့သို့ Social Mediaများနှင့်ပါ ချိတ်ဆက်လာနိုင်မည်ဟု သိရှိရသည်။



0 comments:

Post a Comment

 
Top